တရုတ်ပြည်မှ ၀ယ်ယူလာသည့် မြန်မာစစ်ယာဉ်တန်း ဗုံးခွဲခံရ

တရုတ်ပြည်မှ ၀ယ်ယူလာသည့် မြန်မာစစ်ယာဉ်တန်း ဗုံးခွဲခံရ
by -
သျှမ်းသံတော်ဆင့်

မြန်မာစစ်တပ် အသုံးပြုရန်တရုတ်နိုင်ငံမှဝယ်ယူလာ သည့် စစ်ထရပ်ကားအစီး ၁၀၀ ကျော်ပါစစ်ယာဉ် တန်း သည် ယနေ့ နံနက် ၅ နာရီခွဲခန့်က မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံအလွန် နမ့်ပေါ့တံတား အနီးတွင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း တရုတ်နယ်စပ် ကျယ်ဂေါင်မြို့မှ မူစယ်မြို့သို့ မောင်းနှင်သယ်ယူလာသည့် SINO truck အမျိုးအစား ၆ ဘီးတပ် စစ်ထရပ်ကားအသစ်များဖြစ်ပြီး အဆိုပါကားများ မူစယ်မှ မန္တလေးဘက်သို့ထွက်ခွာ လာရာ ဗုံးနှစ်လုံး ၁၅ မိနစ်စီခြား၍ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“လုံခြုံရေးထူထူထပ်ထပ်ချထားတဲ့ ကြားက ဗုံး၂ လုံး ၁၅ မိနစ်လောက်စီခြားပြီး ကွဲတာ ကားတစ်စီးထိသွား တယ် လူလည်း ထိခိုက်မှုရှိတယ် အဖွဲ့တစ်ဖွဲ့ဖွဲ့ရဲ့လက်ချက်ဖြစ်မယ် ” ဟုစစ်ဘက်နှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယနေ့မနက်ပိုင်းတွင် တာလုံနဲ့မော့တောင်းရွာ အကြား ဗုံးပေါက်ကွဲသံကြားရကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည်။

ယခုရက်ပိုင်းအတွင်း မူစယ် - မန္တလေးလမ်းပေါ်တွင် မြန်မာစစ်ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရမှု အနည်းဆုံး ၂ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ဂျွန်လ ၃၀ ရက်နေ့က တရုတ်ပြည်မှ ပြန်လာသည့် ကွတ်ခိုင်မြို့ အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးကျော်သူ လိုက်ပါလာသည့် စစ်ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသေးကြောင်း သိရသည်။

Most read this week