ငလျင်ဒဏ်သင့်ခဲ့သော သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲနှင့် မိုင်းလင်း ဒေသတို့၌ အစိုးရဆောက်လုပ်ပေးသောအိမ်ယာ များ လှပသော်လည်း ခိုင်ခံ့မှုမရှိကြောင်းသိရှိရပါ သည်။
“အစိုးရဆောက်ပေးတဲ့ အိမ်တွေက လှတော့လှတယ်။ အိမ်တွေကို အဖြူရောင်ဆေး သုတ်ထားပေးတယ်။ ဒါပေမဲ့ သစ်တွေက အရေအသွေး မမှီဘူး။ ပါးပါးလေး။ ငလျင်ဒဏ် မပြောနဲ့ လေပြင်းတိုက်ရင်တောင် လွှင့်နိုင် တယ်” ဟု တာလေဒေသသို့ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံ ခရီးသည်တစ်ဦးက ပြောပါသည်။
အိမ်ယာများကို အခန်း ၃ ခန်းပါ ၁၇’ x ၂၃’ အကျယ်အဝန်းရှိ ပျဉ်ထောင်အိမ်များ ဆောက်လုပ်ထားပေးပြီး တံခါးမ ၂ ပေါက်နှင့် ပြတင်းပေါက် ၃ ပေါက်(တခန်းတပေါက်စီ) ပါရှိသည်ဟုဆို၏။
“အစိုးရက ဆောက်ပေးတဲ့အတိုင်း နေရတာပေါ့။ မရှိတာထက် စာရင်တော့ ကောင်းပါတယ်။ နေရင်းနဲ့ ပြင် သွားရုံဘဲတဲ့။ အဲဒီအိမ်သစ်တွေမှာနေတဲ့ လူတွေကပြောတယ်” ဟု အဆိုပါ ခရီးသည်က ပြောပါသည်။
သို့သော် အိမ်ယာကိုယ်တိုင်ဆောက်လုပ်မည့် ရွာသားများအား အစိုးရက ကျပ် ၁၅ သိန်း ကူညီထောက်ပံ့ရာ တစ်ကြိမ် ၅ သိန်းနှုန်းဖြင့် ၃ ကြိမ် ခွဲပေးကြောင်း၊ ပထမတစ်ကြိမ် ထောက်ပံ့ပေးပြီးဖြစ်ကြောင်း တာလေ ဒေသခံတစ်ဦးက ဤကဲ့သို့ ပြောပါသည်။
“အစိုးရက ဝယ်ပေးတဲ့ သံချောင်း၊ သဲ၊ ထုံးတွေရဲ့ တန်ဖိုးကို နုတ်လိုက်တော့ ပထမတကြိမ် ကျနော်တို့ ၂ သိန်းဘဲရတယ်။ အဲဒီ ၂ သိန်းနဲ့ မိုးရမယ်။ ကာရမယ်။ အမိုးအကာ မရှိသေးရင် ကျန်တဲ့ပိုက်ဆံတွေလဲ မပေး တော့ဘူးလို့ ပြောတယ်။ ဒါကြောင့် ကျနော်တို့လဲ မိုးနိုင်အောင် ကာနိုင်အောင် ကြိုးစားရတာပေ့ါ”
အိမ်ယာများကို ကန်ထရိုက်တာများဖြင့် ဆောက်လုပ်ခိုင်းပါက အပြီးအစီး ရ၂ သိန်းခန့် ကုန်ကျမည်ဖြစ် သည်ဟုဆို၏။
“လမ်းမဘေးမှာ နေတဲ့သူတွေက ပိုဒုက္ခရောက်တယ်။ အာဏာပိုင်တွေက လှအောင် ကြည့်ကောင်းအောင် ဆောက်ရမယ်လို့ အထပ်ထပ် အခါခါပြောတယ်။ ပိုက်ဆံမတတ်နိုင်တဲ့သူတွေဆို ဘယ်လိုဖြစ်နိုင်မှာလဲ” ဟု ၎င်းကဆက်လက်ပြောပါသည်။
နယ်အသီးသီးမှ အလှူရှင်များ၏ ကောင်းမှုကြောင့် ယခုအခါ တာလေဒေသခံများ လယ်ဆင်းပြီး စပါးစိုက်ပျိုး နိုင်ပြီဖြစ်ကြောင်း၊ သို့သော် စပါးထွက်သည်အထိ “ဆန်နှင့်သောက်ရေ” လိုအပ်နေသေးကြောင်း ချင်းမိုင် အခြေစိုက် အရေးပေါ်ကယ်ဆယ်ရေးကွန်ယက် (Emergency Relief Network) က ပြောပါသည်။
ယင်းကွန်ယက်သည် အနယ်နယ် အရပ်ရပ်မှ လှူဒါန်းလာသော ငွေကြေးဖြင့် စားသောက်ကုန်နှင့် ဆောက် လုပ်ရေးပစ္စည်များ ဝယ်ယူကာ ငလျင်ဒဏ်သင့်ဒေသသို့ မိမိတို့ဖာသာ ခရီးစရိတ်ကုန်ကျခံပြီး သွားရောက် လှူဒါန်းခဲ့သည်မှာ သုံးကြိမ်တိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။