ထိုင်းနယ်စပ်အခြေစိုက် တောင်ပိုင်းဝတပ်ဖွဲ့ တပ်သားသစ်နှင့် ကျေးရွာပြည်သူ့စစ်များအား လက်နက်ပစ်လေ့ကျင့်ရေးခေါ်ယူ

ထိုင်းနယ်စပ်အခြေစိုက် တောင်ပိုင်းဝတပ်ဖွဲ့ တပ်သားသစ်နှင့် ကျေးရွာပြည်သူ့စစ်များအား လက်နက်ပစ်လေ့ကျင့်ရေးခေါ်ယူ
by -
သျှမ်းသံတော်ဆင့်

သံလွင်အရှေ့ခြမ်း ထိုင်းနယ်စပ်  တောင်ပိုင်း ဝ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသထိန်းချုပ်ဒေသ၌ (ဒေသခံ ဝ အမျိုးသား) ရဲဘော်သစ်များ၊ နေရပ် (ခွင့်)ပြန် ရဲဘော်ဟောင်းများ၊ ပြည်သူ့စစ်များ အား စစ်ရေးလေ့ကျင့် ရန် ဟွေ့အော့ဌာနချုပ်က ဆင့်ခေါ် ကြောင်း သိရှိရသည်။

“နေရပ်ပြန် ဝ တပ်မတော်သားတွေ၊ ဝ လူထု နဲ့ ပြည်သူ့စစ်တွေကို အမှတ် ၁၇၁  ဌာနချုပ် ဟွေ့အော့ကို ပြီးခဲ့တဲ့ ၆ ရက်နေ့က ဆင့်ခေါ်တယ်။ လက်နက်ပစ်လေ့ကျင့်ရေးမယ်လို့ သိရတယ်” - ထိုင်းနယ်စပ်ရောက် ဒေသခံ ဝ အမျိုးသားတဦးကပြောပါသည်။

ဒေသခံ ဝ လူထု၊ ဝ ပြည်သူ့စစ်၊ နောက်တန်းရောက် ဝ ရဲဘော်သစ်များ၊ စုစုပေါင်း အင်းအား ၃၀၀ ကျော် ၄၀၀ နီးပါးအားဆင့်ခေါ်ထားပြီး  ယခုလ ၁၀ ရက်က မှစ၍ လက်နက်ကြီး ၊ လက်နက်ငယ်များအပါအဝင် စက်သေနတ်ပစ်လေ့ကျင့်သည့် သင်တန်း  ပေးသွားမည်ဖြစ်ကြောင်း တောင်ပိုင်း ဝ တပ်မှူးများနှင့်နီးစပ် သည့် ကုန်သည် တဦးက ပြောပါသည်။  

“၆ ရက် ရ ရက်ကစပြီး ဆင့်ခေါ်တာ၊ မိုင်းယွန်း၊ နမ့်ဟူးခွန်၊ နောင်ဝဲန်း၊ နားကောင်းမူး အုပ်စု ရဲ့ မြောက်ဘက်ခြမ်း ဝ ကျေးရွာတွေ၊ ပုံပါကျင် မြို့ပြင်ဘက်က ဝ ကျေးရွာတွေက ရွာသား တွေ၊လီဆူးရွာ သားတွေလဲပါတယ်” - ဝ ရပ်မိရပ်ဖ တဦးကပြောပါသည်။

 လွန်ခဲ့သည့်နှစ်က လောနိုင်ငံသား မုံ့လူမျိုးဒုက္ခသည်များအား ထိုင်းအစိုးရက နေ ရပ်ပြန်ပို့စဉ် အဆိုပါ လီဆူးလူမျိုးများလည်း ထိုင်းနိုင်ငံ ဖိတ်ချဘွန်းမြို့နယ်မှ  သျှမ်း - ထိုင်း နယ်စပ်သို့ အိမ်ခြေ ၈၀ ခန့် ပြောင်းရွေ့နေထိုင်ခဲ့ကြသူများဖြစ်သည်ဟု လားဟူနယ်ခြားစောင့်တပ် အသိုင်း အဝိုင်းကပြောပါသည်။

၂၀၀၉ ကတည်းက တောင်ပိုင်းဝတပ်ဖွဲ့အား မြန်မာစစ်တပ်က နယ်ခြားစောင့်တပ်အသွင် မပြောင်းလျှင် မြောက်ပိုင်း ဝ ဗဟိုဌာနချုပ်နယ်မြေသို့ တပ်ရုပ်ပြန်ရန်၊ သို့မဟုတ် လက်နက် အပြီးချရန်၊လက်နက်မချ ပါက ထိုးစစ်ဆင်တိုက်ခိုက်ခြင်းခံရမည်ဟု ရာဇသံပေးထားခဲ့ဖူး ပါသည်။

သို့သော်တောင်ပိုင်းဝတပ်ဖွဲ့အနေဖြင့် မြန်မာစစ်တပ်တောင်းဆိုချက်ကို မလိုက် လျောသည့် အပြင် မြောက်ပိုင်း ဗဟိုဌာနချုပ်ဆုံးဖြတ်ချက် အတိုင်းသာ ဆက်လက်ရပ်တည် သွားမည်ဟုဆိုကာ လူသစ် စုဆောင်း စစ်ရေးလေ့ကျင့်မြဲလေ့ကျင့်နေ ဆဲဖြစ်သည်။

Most read this week