SSPP/SSA နှင့် တိုက်ပွဲဖြစ်ပွါးပြီးနောက်ပိုင်း အစိုးရစစ်တပ်များ၌ လုံခြုံရေးပိုမိုတင်းကျပ်

SSPP/SSA နှင့် တိုက်ပွဲဖြစ်ပွါးပြီးနောက်ပိုင်း အစိုးရစစ်တပ်များ၌ လုံခြုံရေးပိုမိုတင်းကျပ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရ စစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း မြန်မာ တပ်မှူးများ၊ ဗျူဟာမှူးများ အတွက်လုံခြုံ ရေး တိုးမြင့်ချထားသည့်အပြင်မြို့တွင်း၌ လည်းစစ်သား များ သိပ် မတွေ့ရတော့ ကြောင်း သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမှလာသော သတင်းအရသိရသည်။

“တန့်ယန်း ဗျူဟာမှူး ဗိုလ်မှူးကြီးခိုင်ဇော် လေ။ အခု တပ်ကနေ ဆင်းလာရင် လက်နက်အပြည့် လုံခြုံရေး စစ်သား တွေ ။ ကားအမိုးပေါ်  စက်သေနတ်တွေတန်းပြီးဆင်းလာတာ။ အရင်က အဲလိုမလုပ်ဖူးဘူး။ အခု  လုံခြုံရေး တင်း ကျပ် လာတယ် ။ အရင်တုန်း ကလို အရပ်ဝတ်နဲ့ ဈေးထဲမှာ တကားကားလဲ မတွေ့ရတော့ဘူး” ဟု တန့်ယန်း ဒေသခံတဦး ကပြောသည်။

ယခင်က ဗျူဟာမှူးတို့လင်မယား  မြို့တွင်း ဈေးသုံးသွားလေ့ရှိသော်လည်း ယခုအခါ လုံးဝမတွေ့ရ တော့ ကြောင်း၊ အလားတူ ယခင်နှစ်သင်္ကြန်ကာလကဲ့သို့ စစ်သားများများစားစားမတွေ့ရတော့ကြောင်း ၎င်းက ဆက်ပြော သည်။

“ဒီနှစ်သင်္ကြန်လည်တဲ့စစ်သား ဝွေလက်ချိုးရေတွက်လို့ရတယ်။ ဗျူဟာမှူးနဲ့နီးစပ်တဲ့ လူတွေ ပြန်ပြောပြတာက -သျှမ်း တပ် ကို အထင်သေးလို့မရတော့ဘူး။ စစ်တပ်က မှန်းထားတဲ့အတိုင်း ဖြစ်မလာဘူး- တဲ့။ ဗမာစစ်သား မြို့ထဲ မဆင်း တာ မြို့ခံလူထု အများစုကတော့ ပျော်တာပေါ့ ။  သျှမ်းတပ်ကို သူတို့စတိုက်လို့ အခု သူတို့လဲ စားသတိ သွားသတိ နေသတိ ဖြစ်နေရတာလေ” ဟု ၎င်းက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

အလားတူ ယခင်လက  SSPP/SSA ၏  နမ့်လောင်းတပ်စခန်း ၃-၄ ခုအား မြန်မာစစ်တပ် သိမ်းပိုက်လိုက်ပြီး ကောင်း မောက်ကောန်တပ်၊ နမ့်ဟူးယိမ်းတပ်၊  ကောင်းနောင်ဟိုင့်တပ် ကောင်းမလန်းတပ်တို့တွင် အစားထိုး နေရာယူတပ်ချ ခဲ့သော စစ်သားများကို ကျားကိုက်သေသည်ဟု ကြားသိရသည်။

ယခုလဆန်းပိုင်းက ကောင်းနောင်ဟိုင့်တပ်စခန်းထဲသို့ ရ တောင်ရှည် ကျားကြီး ၂ ကောင်ဝင်ရောက်သဖြင့် ဗမာ စစ်သားများ   သေနတ်ဖြင့်ပစ်ခတ်သော်လည်း မထိမှန်ဘဲ တပ်ခွဲမှူးအပါအဝင် စစ်သား ၄ ယောက် ကျားကိုက်ခံရ ကြောင်း၊ တပ်ခွဲမှူးနှင့် စစ်သား တယောက် ကျားကိုက်ဒဏ်ရာအပြင်းအထန်ဖြင့် တန့်ယန်းဆေးရုံရောက် နေကြောင်း၊ ကျန်စစ်သား ၂ ယောက်မှာမူ သေဆုံးသွားကြောင်း တန့်ယန်းဒေသခံ  တဦးကအတည်ပြုပြော ဆိုသည်။

“အရင်  သျှမ်းတပ်တွေနေတုန်းက ကောင်းနောင့်ဟိုင့်တပ်စခန်းမှာ စဝ်မိဏ်း ( နတ်စင်) ဆောက်ပြီးကိုးကွယ် ထား တာလေ။ အခု ဗမာစစ်တပ်က စခန်းမှာသွားနေတော့ နတ်စင်ကို ဖျက်ဆီးပစ်လို့ သူတို့ကိုကျားကိုက်တာလို့ ရွာသားတွေပြောကြ တယ်။  ကျားကို ပစ်တော့လဲ ကျည်ဆံက မီးမပွင့်ဘူးဆိုဘဲ။ အဲ့နားမှာနေတဲ့ ရွာသားတွေက ပြောတာ။ ပြီးတော့ ကျားဝင်ကိုက်တာ ညသန်းခေါင်ယံ အချိန်ကြီး ” ဟု ဆိုပါသည်။ (သျှမ်းလူမျိုးတို့၏ယုံကြည်မှု အရ ပြည်စောင့်နတ်မှာ များသောအားဖြင့် ကျားအဖြစ်ဖန်ဆင်း၍ ကိုယ်ယောင်ပြတတ်သည် ဟု ဆိုသည်)

အစိုးရတပ်က အင်အားအလုံးအရင်း ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မတ်လ ၁၃ ရက်နေ့မှစ၍ ဧပြီလ ပထမပတ် အထိ SSPP/SSA နှင့် ၎င်းတို့အကြားတိုက်ပွဲပေါင်း ၆၅ ကြိမ်ထက်မနဲ ဖြစ်ပွါးခဲ့ရာ စစ်မြေပြင်ရှိ ဒေသခံသောင်း ချီမှာ ပူပင်သောက ကြောက်လန့်ခဲ့ကြရပြီး ကျေးလက်လူထု ၃၀၀၀ မှာနေရပ်မှစွန့်ခွာထွက်ပြေး ခဲ့ကြရသည်။   ရွာသား များမှာ  အစိုးရစစ်တပ်၏ ဖမ်းဆီးနှိပ်စက် မုဒိန်းကျင့် သတ်ဖြတ်မှုခံကြရကြောင်း ယခုလ ၁၂ ရက်က လူ့အခွင့်အရေး လှုပ်ရှားကြသည့် သျှမ်းအဖွဲ့ ၆ ဖွဲ့က ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ပါသည်။

Most read this week