ငလျင်ဒဏ်သင့် ဒေသခံများ အဆောက်အဦး ပြန်မဆောက်နိုင်သေး

ငလျင်ဒဏ်သင့် ဒေသခံများ အဆောက်အဦး ပြန်မဆောက်နိုင်သေး
by -
မွေခေါဝ်
earthquake_donation_1

ငလျင်ဒဏ်သင့်ခဲ့သော သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တာလေမြို့နယ်ခွဲမိုင်းလင်းကျေးရွာ အုပ်စုမှပြို ကျ ပျက်စီး သောအဆောက် အဦးများ ပြန်ဆောက်ရန် မြန်မာအစိုးရထံမှထိထိ ရောက် ရောက် အကူအညီ မရကြောင်းဒေသခံများ ထံမှ သိရှိရပါသည်။

ယခုလဆန်းပိုင်းတွင် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ငလျင်ဒဏ်သင့် ဒေသသို့ သွားရောက်စဉ်က ပြိုကျပျက်စီး သွား သော အိမ်များအား တစ်အိမ်လျှင် ၄ သိန်း ထောက်ပံ့ခဲ့သည် ဟုသတင်းထွက်ခဲ့သော်လည်း တကယ်တမ်းတွင် ငလျင်ဒဏ်ခံ ပြည်သူများ အနေဖြင့် အပြည့်အဝ မရရှိကြောင်း တာလေမြို့ခွဲ အတွင်းရှိ မတ််အန်ခန် ရွာခံတစ်ဦးက ပြောပါသည်။
 
“အာဏာပိုင်တွေက ရပ်ရွာဥက္ကဋ္ဌတွေကို ခွဲပေးတယ်။  ဥက္ကဋ္ဌက လာပေးတော့ ကျနော့်အိမ် ဆို ၁သိန်းဘဲရ တယ်။   တချို့ အိမ် ၂ သိန်းခွဲရတာတော့ရှိတယ်။ ယိုင်နေတဲ့အိမ် အက်သွားတဲ့အိမ်တွေဆိုဘာအထောက် အပံ့မှ မရဘူး။ အဲဒီ အိမ်တွေလဲ ပြန်ဆောက်ရမှာဘဲလေ။”

အပျက်အစီးများ ရှင်းလင်း ပြီးစီးသွားပြီဖြစ်သဖြင့် တချို့ရွာသူရွာသားများက မိမိတို့အိမ်ကို မိမိတို့ဖာသာ တနိုင်တပိုင် ပြန်လည် ဆောက်လုပ်နေကြကြောင်း ၎င်းက ဆက်ပြောပါသည်။

“သွပ်မိုး/သက်ကယ်မိုးတဲ့ ပျဉ်ထောင်အိမ်ငယ်လေးတွေ ၅ အိမ် ၆ အိမ်လောက်တော့ ဆောက်ပြီးသွားပြီ။ တချို့ ပြန် ဆောက် နေတာတွေလဲရှိတယ်”

သျှမ်းအမျိုးသား ဖြစ်သည့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က တည်ဆောက်ရေး လုပ်ငန်း၌ အကူအညီ ပေး မည်ဟု ပြော ဆိုခဲ့သော် လည်း ယနေ့တိုင် ထိရောက်စွာ လာရောက်ကူညီသူ မရှိသေးကြောင်း တာလေမြို့နယ်ခွဲ အတွင်းရှိ မိုက်လုမ့် ရွာသား တစ်ဦးကလည်း ပြောပါသည်။

“ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက သစ်၊ သဲ၊ ထုံးတွေ ကူညီမယ်။ ဆောက်လုပ်ရေး ကုမ္ပဏီခေါ်လာပြီး လာ ဆောက် ပေးမယ်လို့ ပြောသွားတယ်။ ဒါပေမဲ့ အခုထက်ထိ လာရောက်ကူညီတာ မတွေ့ရသေးဘူး။ ရွာငယ် လေးတွေဆို အကူအညီ လုံလုံလောက်လောက် မရဘူး။”

မတ်လ ၂၄ ရက်က အင်အား ၆.၈ ရှိ ငလျင်လှုပ်ခတ် သွားသောကြောင့် တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲမှ ရွာပေါင်း ၉၀၊ ပြည်သူ ၂ သောင်းနီးပါး ငလျင်ဒဏ်သင့်ခဲ့ပြီး လူပေါင်း ၃၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ထုတ်ပြန်ထားသည်။

Most read this week