ဧပြီ ၁၄ ရက် သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ အခြေစိုက် အရှေ့အလယ် ပိုင်း တိုင်းစစ်ဌာနချုပ် ရလခ (ယာယီ) လက်အောက်ခံ ခလရ ၁၅၂ မှ အကြပ်/တပ်သား ၆ ယောက်၊ လက်နက် ၉ လက် နှင့်အတူသျှမ်းပြည် တပ်မ တော် RCSS/SSA ထံ ဝင်ရောက်ပူးပေါင်းခဲ့သည် ဟု တိုင်းဖှရီးတမ်း ဝပ်ဆိုက်ကဆိုသည်။
အဆိုပါ လက်နက်ချ မြန်မာစစ်သား ၆ ယောက်အနက် တပ်ကြပ် တင်ကိုလှ (၂၆ နှစ်) ဦးဆောင်၍ ၎င်းနှင့်အတူ ရဲဘော် မိုးစစ်၊ မောင်ထွေး၊ ကျော်သူ၊ တိုးသက်အောင်၊ မြင့်ချစ်ဦး တို့ ဖြစ်ကြသည်ဟုဆိုသည်။
၎င်းတို့ယူဆောင်သွားသော လက်နက်များမှာ - MA.1 လေးလက်၊ MA.2 နှစ်လက်၊ MA.3 နှစ်လက်၊ MA.4 79 ဖက်စပ် ၁ လက်၊ MA.ကျည်ကဒ် ၃၄ ခု၊ ကျည်ဆံ ၉၉၂ ဒေါင့် ပါဝင်ကြောင်း အဆိုပါ RCSS/SSA ၏ တိုင်းဖှရီးတမ်း ဝပ်ဆိုက်တွင် ဖေါ်ပြ ထားပါသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA တာဝန်ရှိပုဂ္ဂိုလ်များက အဆိုပါလက်နက်ချ ဗမာ့စစ်သည်များဆန္ဒအရ ကျောင်းသား တပ်မ တော် ABSDF ထံ သွားရောက်အမှုထမ်းလိုလျှင်( သို့မဟုတ်) သျှမ်းပြည်တပ်မတော်၌ အမှုထမ်းလိုလျှင်လည်း ခွင့်ပြုမည်၊ နေရပ် ပြန် သို့မဟုတ် တခြားနေရာဒေသသို့သွားရောက်အလုပ်လုပ်ကိုင်လို လျှင်လည်း တာဝန်ယူပို့ဆောင်ပေးမည်ဟု ဖေါ်ပြထားပါသည်။
မတ်ခ်ျ ၁၃ ရက်မှ ယနေ့ထိ သျှမ်းပြည်တပ်မတော် SSPP/SSA အားထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရပခ၊ ရမခ လက်အောက်ခံ တပ်သား တဦးကလည်း ယခုလဆန်းပိုင်းက SSPP/SSA ထံ ပူးပေါင်းခဲ့သေးသည်ဟုလည်း မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုသည်။
ဗမာစစ်သားများ ယခုကဲ့သို့ ပူးပေါင်းကြရခြင်းမှာ မိမိဆန္ဒလျောက် တပ်ထဲ ရောက်လာခြင်းမဟုတ်ဘဲ အဓမ္မဆင့်ခေါ်လိမ်ညာခံရ ခြင်း၊ မတရားသော စစ်ကိုကျူးကျော်တိုက်ခိုက်နေရခြင်း၊လက်အောက်ငယ်သား များအား အထက်အရာရှိအဆင့်ဆင့်က ဖိနှိပ် ဆက်ဆံခြင်းများကြောင့်ဖြစ်သည်ဟု အဆိုပါရဲဘော်များ ပြောကြား ချက် ကိုးကား၍ တိုင်းဖှရီးတမ်း ဝပ်ဆိုဒ်က ဆိုသည်။