သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ၌ ငလျင်ဒဏ်သင့် ဒေသခံပြည်သူများ သောက်သုံးရေ အဓိက လိုအပ်လျက်ရှိကြောင်း သိရှိရပါသည်။ ...
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ၌ ငလျင်ဒဏ်သင့် ဒေသခံပြည်သူများ သောက်သုံးရေ အဓိက လိုအပ်လျက်ရှိကြောင်း သိရှိရပါသည်။
“အဓိက သောက်ရေ လိုတယ်။ ငလျင်ဒဏ်ကြောင့် ရေတွင်းတွေ ပြိုကျပျက်စီးကုန်လို့နေရာတော်တော်များများ မှာ ရေပြတ်နေတယ်” ဟု ငလျင်ဒဏ်သင့် ဒေသသို့ သွားရောက် ကူညီခဲ့သူ တစ်ဦးက ပြောပါသည်။
ငလျင်ဒဏ်သင့်ဒေသ၌ အိမ်တိုင်း ရေတွင်းမရှိကြောင်း၊ ငွေကြေး တတ်နိုင်သည့် အိမ်များမှာ အဝီစိတွင်း တူးထား သော်လည်း အိမ်ပြိုကျသည့်အတွက် ခပ်ယူ သုံးစွဲနိုင်ခြင်း မရှိကြောင်း ၎င်းက ဆက်ပြောပါသည်။
“နမ့်လင်းချောင်းရေကို လျှော်ဖို့ ဆေးကြောဖို့ ချိုးဖို့ အတွက် သုံးနေကြရတယ်။ သောက်ရေတော့အလှူရှင် တွေက တစ်အိမ် တစ်ကဒ်စီ လိုက်လံလှူဒါန်းကြတယ်။”
ငလျင်ဒဏ်သင့် ပြည်သူများ ခက်ခဲစွာ နေထိုင် စားသောက် နေရကြောင်း တာချီလိတ် ဒေသခံတစ်ဦးက ဤကဲ့သို့ ပြောပါသည်။
“အိမ်ပြိုကျ ပျက်ဆီးသွားတဲ့ ဒေသခံ တချို့က သူတို့ရဲ့ ခြံဝင်းထဲမှာ၊ တချို့က လမ်းဘေးမှာ ဝါးလုံးလေးတောင့် စိုက်ထူပြီး မိုးကာနဲ့ အမိုးလုပ်နေကြ၊ အိပ်ကြရတယ်။ အကာမရှိတော့ မိုးရွာရင် အိပ်လို့မရဘူး။ ထထိုင် နေကြရတယ်” ဟု ပြောပါသည်။
ဒေသခံပြည်သူများက ပြိုကျပျက်စီးနေသော အိမ်များကို မိမိတို့ တတ်စွမ်းသရွေ့ ဝိုင်းဝန်းကူညီရှင်းလင်းနေ ကြသော် လည်း စက်ယန္တရားများ မရှိသဖြင့် မြန်မြန်ဆန်ဆန် ရှင်းလင်းနိုင်ခြင်း မရှိကြောင်း ပြောကြသည်။
တာချီလိတ်၊ မယ်ဆိုင်၊ ကျိုင်းတုံ၊ မိုင်းဖြတ်စသည့် ဒေသများမှ စေတနာရှင်/အလှူရှင်များက မိုးကာများ၊ အိုးခွက် ပန်းကန်များ၊ သောက်သုံးရေ၊ အသင့်စားသောက်နိုင်သော (ready made) စားသောက်ကုန်ပစ္စည်းများ သွားရောက် လှူဒါန်းနေကြသည်။
နအဖအာဏာပိုင်များက တာလေမြို့၌ ကယ်ဆယ်ရေးစခန်းတစ်ခု၊ မိုင်းလင်း၌ ကယ်ဆယ်ရေးစခန်းတစ်ခု ဖွင့်လှစ် ထား၏။ ဒေသခံဒုက္ခသည်များထံ အလှူရှင်များ ကကိုယ်တိုင်သွားရောက်လှူဒါန်းခွင့်ပြုသည်မှာ သံဃာတော်များ နှင့် နာမည်ကြီးအထင်ကရ ပုဂ္ဂိုလ်အစုအဖွဲ့များသာဖြစ်ကြောင်း ပြောပါသည်။
“ပြည်သူတွေ အခုအစားအသောက် တအားလိုနေပြီ။ အာဏာပိုင်တွေဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းမှာ သွားအပ်နှံရင် ဘယ်အချိန်မှ ပြည်သူတွေကို ဝေပေးမယ်ဆိုတာမသိရဘူး။ တနေကုန်သွားတန်းစီပြီး ဘာမှမရတာလဲရှိတယ်။ ဒါကြောင့် ကိုယ်တိုင်သွားလှူချင်ကြတယ်။ NGO တို့လိုတခြားလူမှုအဖွဲအစည်း တို့ဘာတို့ဆိုရင် ကိုယ်တိုင်သွားလှူမယ် ဆိုရင်လဲ အာဏာပိုင်တွေခွင့်မပြုချင်ဘူး။ သူတို့ရဲ့ကြက်ခြေနီတို့ ဘာတို့ကိုဘဲ အပ်ခိုင်းတယ်။ နိုင်ငံခြားသားတွေဆိုရင် ပိုတောင်မရဘူး။ ဒုက္ခသည်ရပ်ရွာအကြီးအကဲတွေခေါ်ပြီး အပ်ပေးမယ်။ သူတို့ကိုသွားခွဲဝေခိုင်းမယ်လို့ဘဲ ပြောလွတ် တယ်။” ဟု အဆိုပါအလှူရှင်ကပြောပါသည်။
ရန်ကုန်အခြေစိုက် World Vision အဖွဲ့ ညွှန်ကြားရေးမှူး Chris Herink က ကွင်းဆင်းလေ့လာသိရှိချက်အရ တာလေ မြို့နှင့် မိုင်းလင်းကျေးရွာတို့၌ ငလျင်ဘေးဒဏ်ခံရသူ လူဦးရေ ၁ သောင်း ၅ ထောင်ရှိကြောင်းထုတ် ဖေါ်ပါသည်။