သံချပ်ကာ ကားများ SSPP / SSA နယ်မြေသို့ ထပ်ပို့

သံချပ်ကာ ကားများ SSPP / SSA နယ်မြေသို့ ထပ်ပို့
by -
သျှမ်းသံတော်ဆင့်

ဗိုလ်ချုပ်ပန်ဖှါ့ ဦးစီးပြီး အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော သျှမ်းပြည် တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေ အနီးသို့ နအဖတပ် မှ သံချပ်ကာကားများ ဆက်တိုက် ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရ ...

ဗိုလ်ချုပ်ပန်ဖှါ့ ဦးစီးပြီး အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော သျှမ်းပြည် တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေ အနီးသို့ နအဖတပ် မှ သံချပ်ကာကားများ ဆက်တိုက် ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရပါသည်။

သံချပ်ကာကားပုံ“ပြီးခဲ့တဲ့ သောကြာနေ့က မိုင်းနောင်ဘက်ကို သံချပ်ကာ စစ်ကား နောက်ထပ် ၅ စီး ရောက်လာတယ်။ စစ်ကား ကြီးပေါ် တင်လာတာ။ ၈ ရက်နေ့တုန်းကလဲ ၆ စီး ရောက်ထားတယ်။ ဘယ်နေ့ စစ်ဖြစ်မလဲ ဆိုတာ မသိနိုင်ဘူး။ သျှမ်းတပ်ဘက်လဲ ဗမာတပ်သာ နယ်ကျွံဝင်ရင် ပစ်ဖို့ ၂၄ နာရီ အဆင်သင့်ဘဲ လို့ တပ်လှန့်ထားတယ်တဲ့” - ဟု ဒေသခံ ကားဆရာတဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ  ၁၁ ရက်က ကားကြီး ၅ စီးက သံချပ်ကာကား တစီးစီ တင်ကာ မိုင်းနောင်ဘက် ရောက်ရှိကြောင်း၊ ထိုနေ့၌ပင် တောင်ကြီးမှ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် သစ်နယ်မြေခိုလမ်ဘက်  သံချပ် ကာကား ၅ စီး တောင်ကြီး - ကျိုင်းတုံလမ်းမ အတိုင်း မောင်းနှင်သွားကြောင်း မျက်မြင်များက ပြောပြပါ သည်။

“ စက်တင်ဘာ ၁ ရက် ၂၀၁၀ က စပြီး အပစ်ရပ် ခေတ်ကုန်ပြီ၊ ဥပဒေ ပြင်ပရောက်သွားမယ်လို့နအဖ ဘက်ကဘဲ စပြောတာဘဲ။ ကျနော်တို့ကိုယ့်ဘာသာကိုယ်ပြောတာ မဟုတ်ဘူး။ပြည်သူလူထုက သတ်မှတ်တာလဲမဟုတ်ဘူး။ ဗမာတပ်တွေနယ်ကျွံဝင် လာရင်တော့ ကိုယ့်ကိုယ်ကာကွယ်ဖို့  ၂၄ နာရီ အဆင်သင့်ဘဲ။ အနာဂတ်မှာ စစ်ဖြစ် မဖြစ် နအဖအပေါ်မူတည်တယ်” - ဟု SSA အရာရှိတဦးက ပြောပါ သည်။  

ယခုလအတွင်း တိုးချဲ့ဆဲ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေသို့ သံချပ်ကာကား ၁၆ စီးထက်မနည်း ရောက်ရှိ နေ ကြောင်း နိုင်ငံရေး စစ်ရေးလေ့လာသူများက အတည်ပြုပါသည်။

ယမန်နေ့ကလည်း ဝမ့်ဟိုင်းဌာနချုပ်နယ်မြေအနီး တိုးကပ်လှုပ်ရှားနေသော  ခမရ ၅၇၈ မှ အင်အား ၅၀ ဝန်းကျင် စစ်ကြောင်း တစ်ကြောင်းက ကျေးသီးမြို့နယ် ၊ ခေါက်ဇန့် အုပ်စု၊ ဖှါဇင်းမ် ရွာသားငါးဦးအား သျှမ်းသူ ပုန် သတင်းမေးမြန်းစုံစမ်းစဉ် ရွာသားများ ကမသိဟု  ပြန်ဖြေရာ  မေ့မျှောသည်အထိ ပြင်းထန်စွာရိုက်နှက် စစ်ဆေး ခံရကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။   

ပြီးခဲ့သည့် ၁၀ ရက်နေ့ ညသန်းခေါင်အချိန်ကလည်း အဆိုပါ စစ်ကြောင်းက ဝမ့်ဇာတ်ရွာထိပ်၌ ကင်းပုန်း စောင့်ဆိုင်းစဉ်  ၎င်းတို့ ဂိတ်အနီး ကျွဲတကောင် ရောက်ရှိလာသောကြောင့် ပစ်သတ်လိုက် ကြောင်း၊ ၁၁ ရက် နံနက်မိုးလင်းချိန် သေနတ်ဒဏ်ရာဖြင့် အသက်ငင် နေသော ထိုကျွဲအား အသေပစ်သတ် အသားပေါ်ပြီး မျှဝေ စားသောက် ခဲ့သည် ဟုဆို၏။ ပြီးခဲ့သည့် စနေနေ့ အဆိုပါ စစ်ကြောင်း   SSPP/ SSAဝမ့်ဟိုင်းဌာနချုပ်အနီးရှိ အရှေ့မြောက်ဘက် ဝမ့်နမ့်လုတ်ရွာသို့ ထပ်တိုးသွားကြောင်းသိရပါသည်။