နေပြည်တော် လွှတ်တော် အစည်းအဝေး ဒုတိယမြောက် နေ့၌ ဒု-သမ္မတလောင်း ၅ ဦးအမည်စာရင်း တင်သွင်း ရာတွင် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာစိုင်းမောက်ခမ်း ...
နေပြည်တော် လွှတ်တော် အစည်းအဝေး ဒုတိယမြောက် နေ့၌ ဒု-သမ္မတလောင်း ၅ ဦးအမည်စာရင်း တင်သွင်း ရာတွင် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာစိုင်းမောက်ခမ်း ပါဝင်မှုအပေါ် ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါဝ်းက ဝမ်းမြောက်ကြောင်း ဖုန်းဖြင့် ဂုဏ်ပြုစကား ပြောကြားခဲ့သည်ဟုသိရပါသည်။
“တိုင်းရင်းသား ၅ ပါတီရဲ့ ကြေငြာချက်အရ ဒုသမ္မတ နေရာအတွက် တိုင်းရင်းသားတဦးဦးဖြစ်ရမယ်လို့ တောင်းဆို ထားတာ၊ အခုက ဒေါက်တာ စိုင်းမောက်ခမ်းက သေချာသွားပြီလေ။ အန်ကယ်တို့ ထုတ်ပြန်ကြေငြာ ချက်အတိုင်းဘဲ ဖြစ်လာတယ်။ ပါတီကို အဓိကမထားဘဲ တိုင်းရင်းသား တယောက် ဒုသမ္မတဖြစ်ရင် နိုင်ငံရဲ့ Image အတွက် ပိုကောင်းတာပေါ့။ လွှတ်တော် အစည်းအဝေးထဲ တိုင်းရင်းသားက အရေးပါလာမှာဘဲ” - ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ ဥက္ကဌ စိုင်းအိုက်ပေါဝ်းက ပြောသည်။
ဖေဖေါ်ဝါရီ ၁ ရက် နေပြည်တော်လွှတ်တော် အစည်းအဝေး ဒုတိယနေ့၌ သမ္မတရွေးချယ်ရန် ဒုသမ္မတလောင်းအမည် စာရင်းတင်သွင်းခဲ့ကြ ကြောင်း၊ အမျိုးသားလွှတ်တော်မှ တင်သွင်းသူ နှစ်ဦးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ် ဒေါက်တာ စိုင်းမောက်ခမ််း၊ ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒေါက်တာအေးမောင်တို့ဖြစ်ကြောင်း၊ ပြည်သူ့ လွှတ်တော်မှလည်း ကြံ့ခိုင်ရေးပါတီ အမတ် ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် နှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောသိန်းအောင်တို့ဖြစ်ကြောင်း၊ တပ်မတော်သား (နအဖ) ကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦး တစ်ဦးတည်းကိုသာ အမည်တင်သွင်းကြောင်း သတင်းများ၌ ဖေါ်ပြကြသည်။
“အားလုံးက ပြည်ခိုင်ဖြိုးပါတီဘဲ ရမှာဘဲ။ အထက်ပိုင်း အဆင့်မြင့်ရာထူးတွေ မပြောနဲ့ ဒေသန္တရအုပ်ချုပ်ရေး အဆင့်ဆင့်မှာ တောင်ကြံ့ဖွံ့ဘဲ။ အဲဒါကြောင့် ရခိုင်ပါတီ ဒေါက်တာအေးမောင်က ဒေါက်တာ စိုင်းမောက်ခမ်းကို အနိုင်ရဖို့လွယ်မှာ မဟုတ်ဘူး”- ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် စိုင်းလိတ်က သုံးသပ်ပါသည်။
ထိုင်းနယ်စပ်အခြေစိုက် သျှမ်းခေါင်းဆောင်တဦးက ဒေါက်တာစိုင်းမောက်ခမ်း ဒုတိယသမ္မတရာထူး အမှန်တကယ်ရ မည်ဆိုပါက - နိုင်ငံရေး စစ်ရေးကိစ္စများ၌ ပြောရဲဆိုရဲမည် မဟုတ်သော်လည်း ကျန်းမာရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများတွင်မူ ပြောရဆိုရ ရှိလာရနိုင်ကြောင်း သုံးသပ်ပါသည်။
ဒေါက်တာစိုင်းမောက်ခမ်း၏ မဲဆွယ်စည်းရုံးရေး လက်သုံးစကား တစ်ခွန်းမှာ- “ကိုယ့်အမျိုးသားရေးအတွက် ကောင်းကျိုး လုပ်ပေးချင်ရင် နှလုံးသားထက် ဦးနှောက်ကို သုံးရမယ်။ ဦးနှောက်မသုံးဘဲ နှလုံးသားဆန္ဒ တခုဘဲကြည့်ရင် “ထ” နှစ်လုံး နဲ့ကြံုရမယ်။ ‘ထ’ တလုံးကထောင်၊ နောက် ‘ထ’ တလုံးက (သျှမ်းဘာသာ ထိန်င် = တော) တောထဲရောက်သွားမယ်” - ဟူ၏။
ဒေါက်တာ စိုင်းမောက်ခမ်း ခေါ် စိုင်းမောင်အုန်းသည် လားရှိုးမြို့ယူလီခါ့ အထူးကု ဆေးခန်းပိုင်ရှင် ဖြစ်၏။ လားရှိုးမြို့ ဗဟိုသျှမ်းစာပေယဉ် ကျေးမှုကော်မတီ ဥက္ကဌ (နှုတ်ထွက် တာဝန်လွဲအပ်ခြင်း မရှိသေး)၊ လားရှိုးမြို့နယ် သျှမ်းစာပေ/ယဉ် ဥက္ကဌ ဟောင်းလည်းဖြစ်သည်။