ပြန်လည် သင့်မြတ်ပြီး ရင်းနှီးစွာ နေသွားရန် မိုင်းလားအား နအဖဖက်မှ တောင်းဆို

ပြန်လည် သင့်မြတ်ပြီး ရင်းနှီးစွာ နေသွားရန် မိုင်းလားအား နအဖဖက်မှ တောင်းဆို
by -
မွေခေါဝ်

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု-သျှမ်းပြည် အရှေ့ပိုင်း NDAA-ESS မိုင်းလား အထူးဒေသ (၄) အား ပြန်လည်သင့်မြတ်ကာ ရင်းနှီးစွာ နေ ...

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု-သျှမ်းပြည် အရှေ့ပိုင်း NDAA-ESS မိုင်းလား အထူးဒေသ (၄) အား ပြန်လည် သင့်မြတ်ကာ ရင်းနှီးစွာ နေသွားရန် နအဖဖက်မှ တောင်းဆိုကြောင်း  စုံစမ်းသိရှိရပါသည်။

မိုင်းလားမြို့“နှစ်ဖက်ဆက်ဆံရေး အေးတိအေးစက် မဖြစ်သင့်ဘူး။ ဒီလို အေးတိအေးစက် နေသွားရင် မကောင်းဘူး။ အပြန်အလှန် ရင်းရင်းနှီးနှီး နေသွားဖို့။ ပြန်လည် သင့်မြတ်ဖို့ ဗိုလ်မှူးကြီး ခင်မောင်ထွေးက စိုင်းစိုးဝင်းကို ပြောတယ်။ စိုင်းစိုးဝင်းလဲ ရင်းရင်းနှီးနှီး နေသွားတာ ကောင်းပါတယ်လို့ ပြန်လည် ဖြေကြားတယ်” ဟု ကျိုင်းတုံ ဒေသခံတစ်ဦးက ပြောပါသည်။

စရဖ ဂျီဝမ်း ဗိုလ်မှူးကြီး ခင်မောင်ထွေးက ကျိုင်းတုံရှိ မိုင်းလားဆက်ဆံရေးရုံးသို့  နိုဝင်ဘာလကုန်ပိုင်း၌ ဆက်ဆံရေး မှူး စိုင်းစိုးဝင်းနှင့် သွားရောက်တွေ့ဆုံခဲ့သည်ဟုဆို၏။

စိုင်းစိုးဝင်းက ကုန်ပစ္စည်းတင်သွင်းခွင့်ပိတ်ပင်ရသည့်အကြောင်းရင်းကို မေးမြန်ရာ ဗိုလ်မှူးကြီး ခင်မောင်ထွေးက အဓိ ကအကြောင်းရင်းနှစ်ရပ်ရှိကြောင်း၊ နံပါတ်တစ် တရုတ်ကုန်ပစ္စည်းမှာ လိုင်စင်မဲ့ဖြစ်သောကြောင့် တရားဝင်မဟုတ် ကြောင်း၊ နံပါတ်နှစ် အထက်ကညွှန်ကြားခြင်းကြောင့်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ၎င်းကဆက်လက်ပြော ပါသည်။

“နအဖဖက်က မိုင်းလားမှာရှိတဲ့ အကောက်ခွန်ဌါန၊ လူဝင်မှုကြီးကြပ်ရေးဌါနတွေကို ရုပ်သိမ်းလိုက်တော့ သူတို့ဘက်က အခွန်ကောက်မဲ့သူမရှိတော့ တရုတ်ကတင်သွင်းတဲ့ကုန်ပစ္စည်းတွေ တရားမဝင်ဖြစ်သွားတာပေါ့” ဟု ၀ါရင့်နယ်စပ် နိုင်ငံရေးစောင့်ကြည့်သူတစ်ဦးက ပြောပါသည်။

တရုတ်ကုန်ပစ္စည်းများကိုသာမက တာချီလိတ်-မယ်ဆိုင်တံတားမှ တရားဝင်တင်သွင်းလာသော ထိုင်းကုန်ပစ္စည်းများ ကိုလဲ ပိတ်ပင်ထားကြောင်း၊ သို့သော် ဗိုလ်မှူးကြီး ခင်မောင်ထွေးက ထိုအကြောင်းကိုမူ ပြောဆိုခြင်းမရှိကြောင်း သိရှိရ ပါသည်။

ထိုကဲ့သို့ နအဖဖက်မှ ကုန်ပစ္စည်းတင်သွင်းမှုပိတ်ပင်ထားသောကြောင့် ယခုအချိန်ထိခိုက်မှုပြောပလောက်အောင် မရှိသော်လည်း အချိန်ကြာမြင့်လာပါက ထိခိုက်မှုများရှိလာနိုင်သည်ဟုဆို၏။

မိုင်းလားအထူးဒေသ(၄)နှင့် သျှမ်းအရှေ့မြို့တော်ကျိုင်းတုံသို့ ဆက်သွယ်ထားသော နမ့်လွေမြစ်တံတား နယ်ခြား တာ့ပင်းဂိတ်၌ နအဖဖက်မှ နိုဝင်ဘာ ၂၃ ရက်မှစ၍ ကုန်တင်ကားများသွားလာဖြတ်သန်းခွင့်ပိတ်ပင်ခဲ့သည်။

ဦးခွန်ဆာ ဦးဆောင်သော သျှမ်းပြည်တပ်မတော် ခေါ် MTA လည်း နအဖဖက်မှ ကုန်ပစ္စည်းတင်သွင်း ခွင့်ပိတ်ပင်သော်လည်း ထိခိုက်မှုမရှိခဲ့ပေ။ သို့သော်ထိုင်းဖက်မှ ပိတ်ပင်လိုက်သောအခါ အကြီးအကျယ်ထိခိုက်ပြီး ၁၉၉၆ ခုနှစ်တွင် MTA ပြိုကွဲခဲ့ရသည်။