နေပြည်တော် ခြိမ်းခြောက်ခံနေရပြီလော

နေပြည်တော် ခြိမ်းခြောက်ခံနေရပြီလော
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် အခြေပြု နအဖတပ်မ ၅၅ လက်အောက်ခံ နည်းဗျူဟာ ၂ ခုကို မြို့တော်သစ် နေပြည်တော်နှင့် ထိစပ်နေသော ကရင်နီပြည် လွိုင်ကော်ဒေသသို့ စေလွတ်လိုက်ပြီး တပ်တချို့မှာ နေပြည်တော် လုံခြုံရေး ...

သျှမ်းပြည် အခြေပြု နအဖတပ်မ ၅၅ လက်အောက်ခံ နည်းဗျူဟာ ၂ ခုကို မြို့တော်သစ် နေပြည်တော်နှင့် ထိစပ်နေသော ကရင်နီပြည် လွိုင်ကော်ဒေသသို့ စေလွတ်လိုက်ပြီး တပ်တချို့မှာ နေပြည်တော် လုံခြုံရေးအတွက် ဖြန့်ကျက် လှုပ်ရှားနေကြောင်း စစ်ဘက် သတင်းရပ်ကွက်များမှတဆင့် သိရသည်။

ကရင်နီပြည်အတွင်း ယခင်သျှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ယလလဖ /SNPLO ) မှ ခွဲထွက်၍ နအဖကို တိုက်ခိုက်နေသည့် ပအိုဝ်း တပ်နှင့် ကရင်နီတပ်များ ပူးပေါင်း လှုပ်ရှားနေရာ နေပြည်တော် လုံခြုံရေးမှာလည်း စစ်ရေးအရ ခြိမ်းခြောက် ခံနေရသည်ဟု စစ်ဘက်နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မြ၀တီနဲ့ ဘုရားသုံးဆူမှာလည်း ပွဲနှစ်ပွဲ တိုက်နေရတော့ လန့်နေတယ်။ နေပြည်တော်ကို ၀င်တိုက်မယ် ဆိုတဲ့ သတင်းလည်း ထွက်တယ်။ အဲဒါ ရှေ့ကာဖို့ ထုတ်သုံးတာ အောက်မှာလည်း ရွေးကောက်ပွဲ ကာလဆိုတော့ ကျန်တဲ့ တပ်ထုတ်လို့ မရဘူး။ ကရင်မှာလည်း ပြဿနာ ပေါ်တော့ ထုတ်လို့ မရဘူး” ဟု သူက ဆိုသည်။

ကရင်နီပြည် လွိုင်ကော်ဒေသသို့ စေလွတ်လိုက်သည့် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း ၆ ရင်း ကယန်းနှင့် ကရင်နီစပ်ကြား နယ်မြေတွင် ၀င်ရောက် ရှင်းလင်းနေကြောင်း သိရသည်။

“တပ်မ ၅၅ က ၆ ရင်းစလုံး ထုတ်သုံးပြီ ဗျူဟာ ၂ ခုပေါ့။ လွိုင်ကော်မှာ ကယန်းဘက်နဲ့ ကယားစပ်ကြားကို ဆင်းတာပေါ့။ သျှမ်းဂွင်ထဲက ဦးပန်ဖတို့နားမှာ ဗျူဟာ ၁ ခုပဲ ကျန်တော့တယ်” ဟု သူက ဆိုသည်။

အဆိုပါ တပ်များအနက် ခမရ ၅၁၁ ၊ ၅၁၂ နှင့် ၅၁၇ တပ်ရင်းများ ကရင်နီပြည် ရှားတောမြို့နယ်အတွင်းရှိ ပွန်ချောင်း အနီးတစ်ဝိုက် လှုပ်ရှားနေကြောင်း ကရင်နီပြည်ထဲရေးဝန်ကြီး ခူးညေးရယ်က ကန္တာရ၀တီသတင်းဋ္ဌာနသို့ ပြောသည်။

ယခုအခါ မွန်ပြည်နယ် ဘုရားသုံးဆူမြို့တွင်လည်း နအဖနှင့် DKBA တိုက်ပွဲများ အဆုံးမသတ်သေးပဲ နယ်ခြားစောင့်တပ် လက်မခံသည့် သျှမ်းပြည်တပ်မတော်နှင့် နအဖတို့ မိုင်းရှူးမြို့နယ်အတွင်း ယမန်နေ့ညနေပိုင်းက တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။