သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲ မဲရုံ တခု၌ ပြည်နယ်လွတ်တော် အမတ်လောင်း ပြည်ခိုင်ဖြိုးပါတီက ကျားဖြူ ပါတီ၏ မဲတ၀က်ပင် မမီ ...
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲ မဲရုံ တခု၌ ပြည်နယ်လွတ်တော် အမတ်လောင်း ပြည်ခိုင်ဖြိုးပါတီက ကျားဖြူ ပါတီ၏ မဲတ၀က်ပင် မမီသဖြင့် အရှက်တကွဲ မဖြစ်စေရန် ဗျူဟာမှူး ဆန္ဒအရ ပြည်ခိုင်ဖြိုးအတွက် ထောက်ခံမဲများ ထပ်ထည့်ခိုင်းသည်ဟု စုံစမ်းသိရှိရသည်။
“ဟိုမိန်းမှာ ကျားဖြူပါတီက ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ၂ ရပ် နိုင်တယ်။ ထိုင်းနယ်စပ် အပြင်ဖက်မယ့် အောလုံ မဲရုံ အမှတ် ၈ မှာ ကျားဖြူက ပြည်နယ်လွှတ်တော်မှာ ၁၁၈ မဲ။ ကြံ့ဖွံ့က ၅၄ မဲ ရတယ်။ တ၀က်လောက် ကွာနေတော့ အရပ်ဝတ်နဲ့ လုံခြုံရေး သွားယူတဲ့ တပ်ကြပ်ကြီး ဇော်မင်းထိုက်နဲ့ ဒုတပ်ကြပ် အောင်နိုင်လင်းတို့က ညနေ ၅ နာရီခွဲ လောက်မှာ ၁၅ မိုင်ကျော်လောက် ဝေးတဲ့ ဟိုမိန်း အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲနိုင်ကို ဖုန်းဆက်အကြောင်းကြားတယ်။ မျက်နှာပျက် အရှက်ကွဲမှာ စိုးလို့ အထက်က မငြိုငြင်ရအောင် လုပ်သင့်သလိုလုပ်ပါ ဆိုပြီး ဗျူဟာမှူး ပြန်ပြောတော့ သူတို့ နှစ်ယောက်က မဲရုံ တာဝန်ကျ စိုင်းကျော်လူရယ် ဟိုမိန်းကျောင်းဆရာ တချို့ရယ်၊ ရယကတွေရယ် ပေါင်းပြီး မဲရုံမှူး လက်မှတ် ထိုးထားတဲ့ ခြင်္သေ့ ထောက်ခံမဲတွေ ခြစ်ထည့်လိုက်တယ်။ နောက်ဆုံး ၅၄ မဲကနေ ၁၁၄ မဲ ဖြစ်လာတယ် ” ဟု မဲရုံတာဝန်ကျ တဦးက ပြောပြသည်။
ဟိုဟ၊ ၀မ့်မိုင်၊ မယ့်အောလုံ ၃ ရွာသွားမဲသွားထည့်ရသော မယ့်အောလုံ အမက ကျောင်းဝင်းရှိ မဲရုံအမှတ် ၈ မှာ ပြည်နယ် လွှတ်တော် မဲရလဒ် ဖြစ်ပြီး တစညပါတီမှာ ၁၀ မဲကျော် ရသည်ဟု သိရသည်။ မဲရုံပိတ်ချိန် ၄ နာရီခွဲနှင့် ၅ နာရီခွဲကြား ဖြစ်သည်ဟုလည်း ၎င်းက ပြောပြသည်။
“ဟိုမိန်း မြို့နယ်ခွဲ ၂၀ ရွာမှာ လူဦးရေ ၅၇၆၈ ။ မဲပေးပိုင်ခွင့်ရှိသူ ၃၀၁၅ ရှိပေမယ့် အများစုက အိမ်မှာ မရှိဘူး။ ဆိုတော့ လက်ကျန် လူဦးရေက ၁၉၄၂ ။ အဲထဲမှာမှ မဲလာထည့်တဲ့လူ ၁၃၂၅ ရှိတယ်တဲ့။ မဲထည့်ပုံထည့်နည်းနဲ့ သိရှိနားလည်တာ ၃-၄ ရွာဘဲ ရှိတယ်။ တောင်ပေါ်ကျေးလက်တွေကတော့ ပယ်မဲ များတယ်။ သူတို့က ကျားဖြူကို မဲပေးကြတယ်။ ဒါပေမယ့် လေးဒေါင့် ကွက်ထဲမှာ ခြစ်မပေးဘူး။ ကျားဖြူ ကိုယ်ပေါ်မှာ ခြစ်တော့ ပယ်မဲ ဖြစ်သွားတာ” ဟု ဟိုမိန်းမြို့ခံ တဦးကလည်း ပြောပြသည်။
အဆိုပါ ကြံ့ဖွံ့ ထောက်ခံမဲ ထပ်ဖြည့်ရာတွင် နာမည်စာရင်း ပါပြီး ခရီးလွန်နေသူများ၊ မဲဆန္ဒမပေးသူများ၏ နာမည် နေရာအစားထိုး ခြင်းဖြစ်သည်ဟုလည်း သိရသည်။ ခွန်ဆာ့ MTA စခန်းဟောင်း ဖြစ်သော ဟိုမိန်းမြို့ နယ်ခွဲတွင် မဲရုံ ၉ ရုံရှိပြီး အရပ်ဝတ် စစ်သားများနှင့် လက်နက်ပါ SSS ကုမ္မဏီ နယ်ခြား ကာကွယ်ရေး တပ်တို့က မဲရုံလုံခြုံရေး ယူပေးသည်ဟု သိရသည်။