စည်းရုံးရေး နောက်ဆုံးရက် လူထုအား ချော့တခါ ခြောက်တလှည့် ကြံ့ဖွံ့ပါတီ စည်းရုံး

စည်းရုံးရေး နောက်ဆုံးရက် လူထုအား ချော့တခါ ခြောက်တလှည့် ကြံ့ဖွံ့ပါတီ စည်းရုံး
by -
သျှမ်းသံတော်ဆင့်

စည်းရုံးရေး နောက်ဆုံး သတ်မှတ်ရက် ဖြစ်သော အောက်တိုဘာ ၃၀ ရက်၌ လားရှိုး၊ တန့်ယန်းမြို့နယ် ဒေသခံလူထုအား လူသုံး ကုန်ပစ္စည်း ပေး၍ တမျိုး၊ သွယ်ဝိုက်ခြိမ်းခြောက်အမိန့်ပေး၍တဖုံ ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေးဆင်း....

စည်းရုံးရေး နောက်ဆုံး သတ်မှတ်ရက် ဖြစ်သော အောက်တိုဘာ ၃၀ ရက်၌ လားရှိုး၊ တန့်ယန်းမြို့နယ် ဒေသခံလူထုအား လူသုံး ကုန်ပစ္စည်း ပေး၍ တမျိုး၊ သွယ်ဝိုက်ခြိမ်းခြောက်အမိန့်ပေး၍တဖုံ ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေး ဆင်းခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

လားရှိုး၌ ဒေသခံလူထုနှင့် အစိုးရ၀န် ထမ်းများအား ပြည်ခိုင်ဖြိုးပါတီ စည်းရုံးခဲ့ပုံကို ရပ်ကွက် ၈ မှ အစိုးရ ၀န်ထမ်းလူငယ် တဦးက ဤကဲ့သို့ ပြောပြ၏။

“၃၀ ရက်နေ့ကပေါ့။ ရပ်ကွက် ၆၊ ၇၊ ၈  မှာ ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေး လက်ကမ်းစာစောင်တွေ ဝေတာလေ။ ရပ်ကွက် ဥက္ကဌကနေ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို ဝေခိုင်းတာ။ ကြံ့ဖွံ့ပါတီကိုဘဲ မဲပေးပါလို့လဲ ပြောတယ်။ အဲဒီမှာ ကြံ့ဖွံ့ ကိုယ်စားလှယ်ဟောင်း ဒေါက်တာ စိုင်းမောက်ခမ်းရဲ့ သျှမ်းဘာသာကဗျာ ပါတဲ့ လက်ကမ်းစာစောင်လဲ ဝေတယ်။ ဆယ်အိမ်မှူးတွေက ရွာသားတွေကို ပြပြီး ဒါလဲ သျှမ်းဘဲ။ သျှမ်းကို အားပေးချင်တယ်ဆို။ သူ့ကို မဲထည့်ပေးပေါ့လို့ မလိမ့်တပတ် ပြောတယ်” ဟု ထိုလူငယ်က ပြော၏။

မီးသတ်၊ မိခင်နှင့် ကလေးအသင်း၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီ၊ စွမ်းအားရှင် စသော အဖွဲ့အစည်းများအားလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကိုသာ မဲပေးရမည်။ သို့မဟုတ်ပါက ကြီးလေးသော ပြစ်ဒဏ်ပေးခံရမည်ဟုလည်း ဆင့်ဆိုညွှန်ကြားခြင်း ခံရကြောင်း ဆယ်အိမ်မှူး တဦးက ပြောသည်။

တန့်ယန်း မြို့တွင်လည်း အောက်တိုဘာလကုန်က ရပ်ကွက်ဥက္ကဌများအား လူစုစေပြီး ကြံ့ခိုင်ဖွံဖြိုးရေး စည်းရုံးရေး ဆင်းရာ လူထုအား လူသုံးကုန် ပစ္စည်းများ ပေး၍ မဲဆွယ်ခဲ့သည်ဟု ဆို၏။

“တနေရာ လူ အယောက် ၃-၄ ဆယ် ၄-၅ ဆယ် စုပြီး သူတို့ လာဟောပြောတယ်။ လာနားထောင်တဲ့ လူတယောက်ကို ဆပ်ပြာမှုန့် ၂ ထုတ် ပေးတယ်။ တန်ဖိုး တထုတ်ကျပ် ၂၀၀ လောက် ရှိမှာပေါ့။ နောက်ပြီး သော့တွဲလဲ လုပ်ထားတယ်လို့ သိရတယ်။ နိုဝင်ဘာ ၇ ရက် မဲရုံရှေ့မှာ ဝေဖို့တဲ့။ သော့တွဲမှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်ခိုင်ဖြိုးကို မဲပေးစို့ ဆိုတဲ့ ဆောင်ပုဒ်လဲ ပါတယ်” ဟု  နယ်စပ်ရောက် တန့်ယန်းကုန်သည် တဦးက ပြော၏။

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ ခမ်းလားအုပ်စု ခမ်းလားရွာတွင်မူ နိုဝင်ဘာ ၂ ရက် ယမန်နေ့က ကြိုတင်မဲများ ကောက်ယူနေ သည်ဟု မိုင်းကိုင်မှ လူငယ်တဦးက ပြောပြ၏။

“သက်ကြီးရွယ်အိုတွေကို ကြိုတင်မဲ ထဲခိုင်းတာ။ သူတို့ကဘဲ မဲခြစ်ပေးတာပေါ့။ ခြင်္သေ့ကို ထောက်ခံတဲ့ မဲတွေချည်းဘဲ။ နိုင်ငံရေး နားလည်တဲ့ လားရှိုးဘက်က ရပ်ကွက် အကြီးအကဲ တစ်ယောက်ကတော့ သူတို့ ဒီလိုမတရားနည်း၊ ကလိမ်ကကျစ် နည်းတွေကို နိုင်ငံရေး မသိနားမလည်တဲ့ ကျေးလက်တွေမှာ ဆက်သုံးသွားမှာ ဖြစ်တယ်လို့ ပြောတယ်” ဟု ဆို၏။

ထို့ပြင် လဲချားမြို့ ၀မ့်ကတ်အုပ်စု ၀မ့်ဟဲင့်အုပ်စုနှင့် နားဆန်းအုပ်စုမှ မဲရုံပြောင်းရွှေ့နိုင်ဖွယ်ရှိသည့် ကိစ္စနှင့် ပတ်သက်၍ သျှမ်း သံတော်ဆင့်က ဆက်လက်စုံစမ်းရာတွင် လဲချားမြို့နယ်ကော်မရှင်က လွယ်လင်မြို့နယ်ကော်မရှင်နှင့် တောင်ကြီးပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်သို့ စာတင်ထားသော်လည်း အကြောင်းမပြန်သေးဟုသာ သိရ၏။ အများစုကမူ ရွေးကောက်ပွဲ နီးကပ်နေပြီ ဖြစ်သဖြင့် မဲရုံပြောင်းရွှေ့မည့်ကိစ္စ မဖြစ်နိုင်တော့ကြောင်း သုံးသပ်ပြောဆိုသည်။