သျှမ်းပြည် (မြောက်ပိုင်း) ၌ မဲပေးခွင့်ရှိသူ စာရင်း မမှန်ကန်

သျှမ်းပြည် (မြောက်ပိုင်း) ၌ မဲပေးခွင့်ရှိသူ စာရင်း မမှန်ကန်
by -
သျှမ်းသံတော်ဆင့်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် ကောင်းဝိန်း ကျေးရွာအုပ်စုရှိ မဲပေးခွင့်ရှိသူများ စာရင်းတွင် လူပိုများပါရှိနေ....

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် ကောင်းဝိန်း ကျေးရွာအုပ်စုရှိ မဲပေးခွင့်ရှိသူများ စာရင်းတွင် လူပိုများပါရှိနေကြောင်း ကျားဖြူပါတီ သတင်းရပ်ကွက်မှတဆင့် သိရသည်။

ကျားဖြူ (ခေါ်) သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ယနေ့နေ့လည်ပိုင်းက လက်ခံရရှိသော မဲပေးခွင့်ရှိသူများ စာရင်းအရ ကောင်းဝိန်းရွာအုပ်စုအတွင်း အမှန်တကယ် မရှိသူ ဗမာလူမျိုး ၁၉၉ ဦး၏ အမည်စာရင်းအား ထည့်သွင်းထားကြောင်း ကျားဖြူပါတီနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒီနေ့နေ့လည်ပိုင်း ကျားဖြူပါတီရုံးက စာရင်း လက်ခံရရှိတယ်။ အဲဒီစာရင်းအရဆိုရင် ကောင်းဝိန်း ရွာအုပ်စုမှာ ဗမာလူမျိုး လုံးဝ မရှိဘူး။ အဲဒါ ဗမာလူမျိုးနံမယ်နဲ့ ၁၉၉ ဦးကို မဲပေးခွင့်ရှိသူ စာရင်းထဲ ထည့်သွင်းထားတယ်” ဟု သူက ပြောသည်။

အဆိုပါ ကျေးရွာအုပ်စုအတွင်း၌ အဆိုပါ စာရင်းအရ မဲပေးခွင့်ရှိသူ ဦးရေ ၆၁၈ ယောက်တွင် ဗမာလူမျိုး ၁၉၉ ဦးအား ထည့်သွင်း ထားခြင်း ဖြစ်သည်။

မူစယ်မြို့နယ် တီးမာ့ကျေးရွာအုပ်စု၌ မဲပေးခွင့်ရှိသူဦးရေ ၁၁၇၃ ယောက်အနက် သျှမ်း ၆၄၇ ယောက်၊ ကချင်လူမျိုး ၄၈၄ ယောက်၊ ဗမာ ၁၂ ယောက်၊ လီရှော ၃၀ ဦး ရှိကြောင်း သိရသည်။

“တီးမားအုပ်စုထဲမှာ ရွာစုစုပေါင်း ၁၅ ရွာ ရှိတယ်။ သျှမ်းက ၅ ရွာ၊ ကချင်က ၅ ရွာ၊ လီရှော ၅ ရွာ ပေါ့ ဒီဘက်ရွာ စာရင်းတွေတော့ ကျွန်တော်တို့ တွက်ကြည့်နေတုန်း” ဟု သူက ပြောသည်။

ကောင်းဝိန်း ရွာအုပ်စုအတွင်း ပါဝင်သည့် ကျေးရွာများကို ၁၉၉၆ ခန့်က ပြန်လည်စုစည်းခဲ့ရာ လက်ရှိတွင် အဆိုပါ အုပ်စုအတွင်း၌ ကောင်းဝိန်းနှင့် နမ့်ဟင်လျံ ရွာနှစ်ရွာသာ ရှိတော့ကြောင်း သိရသည်။

“ဒီအုပ်စုထဲမှာ ကောင်းဝိန်းနဲ့ နမ့်ဟင်လျံ နှစ်ရွာပဲ ရှိတာလေ၊ ဗမာလူမျိုးတစ်ယောက်မှ မရှိဘူးဗျ မတွေ့ဖူးဘူးလေ မဲစာရင်းထဲမှာ ဗမာလူမျိုး ထည့်ထားတယ် ဆိုတာတော့ မမှန်မကန် လုပ်တာ ဖြစ်နိုင်တယ်” ဟု ကောင်းဝိန်းရွာသား တစ်ဦးက ဆိုသည်။

မူစယ်မြို့နယ်၌ ကြိုတင်မဲများကို နိုဝင်ဘာလ ၅ ရက်တွင် စတင်လက်ခံမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် အသိုင်းအ၀ိုင်းမှ တဆင့် သိရသည်။