သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ်အတွင်း USDP ပါတီအတွက် စည်းရုံးရေး ဆင်းသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က လက်နက်ကိုင် တပ်ဖွဲ့အင်အားသုံး နယ်ကျွံမဲဆွယ်သဖြင့် ယခင် MTA ဟောင်းမကျိုင်း ဒေသဖွံ့ဖြိုးရေးတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပြီး အနည်းဆုံးလူ ၄ ဦး သေဆုံး....
သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ်အတွင်း USDP ပါတီအတွက် စည်းရုံးရေး ဆင်းသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က လက်နက်ကိုင် တပ်ဖွဲ့အင်အားသုံး နယ်ကျွံမဲဆွယ်သဖြင့် ယခင် MTA ဟောင်းမကျိုင်း ဒေသဖွံ့ဖြိုးရေးတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပြီး အနည်းဆုံးလူ ၄ ဦး သေဆုံးကြောင်း စုံးစမ်းသိရှိရပါသည်။
“ပထမ အကြိမ်က USDP ပါတီအတွက် ပအိုဝ်းပါတီ လာရောက် စည်းရုံးတယ်၊ ဒေသခံတွေက ကျားဖြူ ပါတီကို ထောက်ခံတယ်။ မလာ တော့နဲ့လို့ ဒေသခံတွေ ပြောလဲ မရဘူး။ နောက်တရက် PNO စည်းရုံးရေး အဖွဲ့ လုံခြုံရေး တပ်အင်အားနဲ့ လာတော့ ဒီဘက်ကလဲ တပ်နဲ့ စောင့်ထားတာပေါ့” ဟု နားယိုင်းရောက် တောင်ကြီး ဒေသခံတဦးက ပြောပါသည်။
အောက်တိုဘာ ၁၇ ရက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က သျှမ်းပြည် တောင်ပိုင်း နမ့်ဇန်မြို့ အနောက်တောင်ဘက် မိုင်းဇစ် ကျေးရွာ အုပ်စု (မကျိုင်းဒေသဖွံ့ဖြိုးရေး တပ်ဖွဲ့) ဘက် စည်းရုံးရေး ဆင်းခဲ့ ကြောင်း၊ ဒေသခံများက ကျားဖြူပါတီကိုသာ ထောက်ခံ သောကြောင့် စည်းရုံးရေး ဆင်းရန် မလိုအပ်တော့ကြောင်း ပြောရာမှ နှစ်ဘက် အချေအတင် စကားများခဲ့ရကြောင်း သိရပါသည်။
အောက်တိုဘာ ၁၈ ရက် ပအိုဝ်းပါတီက ဗိုလ်မှူး ကျော်တင်ဦး ဦးဆောင်သည့် အင်အား ၁၅၀ ကျော် စစ်ကြောင်း တခုအား လုံခြုံရေး တပ်ဖွဲ့အဖြစ် ခေါ်ဆောင်သွားသောကြောင့် နှစ်ဘက် တိုက်ပွဲ ဖြစ်ပွားခဲ့ရကြောင်း အမည်မဖေါ်လိုသည့် နမ့်ဇန်မြို့သား တဦးက ပြောပါသည်။
“ပအိုဝ်းပြည်သူ့စစ် အဖွဲ့ကို ခေါ်လာပြီး ပအိုဝ်းပါတီက ပြန်လစ်သွားတယ်၊ မကျိုင်းတပ်ဖွဲ့က ရှေ့မတိုးနဲ့ တိုးရင် ပစ်မယ်လို့ ပြောတယ်။ ပအိုဝ်း တပ်ကလဲ တပ်စခန်းကို တက်ဝိုင်းတယ်၊ ၁၈ ရက်နေ့မှာဘဲ ၃ နာရီကြာ တိုက်ခိုက်ကြတယ်။ မကျိုင်း အဖွဲ့က MTA တပ်ဖွဲ့ဝင် ဟောင်းတွေဆိုတော့ တိုက်ရည်ခိုက်ရည် ရှိကြတယ်တဲ့။ သူတို့ဘက်က တယောက်ဘဲ ဒဏ်ရာရတယ်။ ပအိုဝ်းဘက်က ၄ ယောက်သေ၊ ၂ ယောက် ပျောက်နေတယ်” ဟု ပအိုဝ်းအသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် လွယ်လင်သား တစ်ဦးက ပြောပြပါသည်။
မကျိုင်း တပ်ဖွဲ့၏ ဆိုင်းငင်း နမ့်ပွန်း အနီးတောင်ကုန်းပေါ်တွင် ဗိုလ်ကြီး မိုခေး ခေါင်းဆောင်သော တပ်ဖွဲ့အင်အား ၂၀ ခန့် တပ်စိုက် ထားကြောင်း၊ တိုက်ပွဲအတွင်း ပအိုဝ်းဘက်မှ ဗိုလ်ကြီး ငွေဆိုသူပါ ကျဆုံးကြောင်း နီးစပ်သည့် ကုန်သည် တဦးက ပြောပါသည်။
“နမ့်ဇန်မြို့ အနောက်တောင်ဘက် မိုင်းဇစ် အသွားလမ်းမှာ မကျိုင်း တပ်ဖွဲ့ဌာနချုပ် ရှိတယ်။ ဌာနချုပ်ရဲ့ အနောက်မြောက် ဘက် ၈ မိုင် အကွာလောက်မှာ ဆိုင်းငင်းနဲ့ နမ့်ပွန်းရွာ။ အဲ့ဒီရွာတွေရဲ့အနောက်ဘက် ဟိုယန်းအုပ်စုက ပအိုဝ်းတပ်ဖွဲ့ ထိန်းချုပ်နယ်မြေနဲ့ နယ်နိမိတ် ချင်းထိစပ်တယ်။ ဟိုယန်းအုပ်စု အနောက်ဘက်က တောင်ကျောကို ဖြတ်ကျော်ရင်တော့ မိုင်းပွန် မြို့နယ် ဖြစ်သွားပြီ” ဟု ဆို၏။
အောက်တိုဘာ ၂၂ ရက် နှစ်ဘက် ကိုယ်စားလှယ်များက တောင်ကြီး အခြေစိုက် ရပခ တိုင်းမှူးထံ အခြေအနေ တင်ပြရာ တိုင်းမှူးက “တိုက်ပွဲ ချက်ချင်းရပ် - ပစ်ခတ်တိုက်ခိုက်နေတဲ့ သူကို ရှင်းပစ်မယ်” ဟု ပြောမှ တိုက်ခိုက်မှု ရပ်နားခဲ့ကြကြောင်း နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။
နမ့်ဇန်မြို့နယ်အတွင်း တိုက်ခိုက်ကြသည့် လက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့မှာ နအဖ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ ဖြစ်၏။ ပအိုဝ်း လက်နက်ကိုင်တပ်ဖွဲ့မှာ ပြည်သူ့စစ် အသွင်ပြောင်းရန် လက်ခံထားသော ဦးအောင်ခမ်းထီ (PNO ) ၏ လက်အောက်ခံ PNA တပ်ဖွဲ့ ဖြစ်သည်။ မကျိုင်းဒေသဖွံ့ဖြိုးရေး တပ်ဖွဲ့မှာမူ ၁၉၉၆ က ဦးခွန်ဆာနှင့်အတူ လက်နက်ချခဲ့သည့် MTA တပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်ပြီး စိုင်းလိုင်းဆိုင်က ဦးဆောင်သည်။