တိုင်းရင်းသားပါတီအား အပြစ်ရှာပယ်ထုတ်ရန် ရှိဟု ဦးသိန်းစိန်ပြော

တိုင်းရင်းသားပါတီအား အပြစ်ရှာပယ်ထုတ်ရန် ရှိဟု ဦးသိန်းစိန်ပြော

နအဖ ဝန်ကြီးချုပ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသိန်းစိန် ရဟတ်ယာဉ်ဖြင့် သျှမ်းပြည်မြောက်ပိုင်းသို့ လည်ပတ်စဉ် တိုင်းရင်းသားပါတီ အချို့အား အပြစ်ရှာ ဖယ်ထုတ်ရန် အစီအစဉ် ရှိကြောင်း တီးတိုးပြောကြားခဲ့သည်ဟု ...

နအဖ ဝန်ကြီးချုပ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသိန်းစိန် ရဟတ်ယာဉ်ဖြင့် သျှမ်းပြည်မြောက်ပိုင်းသို့ လည်ပတ်စဉ် တိုင်းရင်းသားပါတီ အချို့အား အပြစ်ရှာ ဖယ်ထုတ်ရန် အစီအစဉ် ရှိကြောင်း တီးတိုးပြောကြားခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

“အောက်တိုဘာ ၁၇ ရဟတ်ယာဉ်နဲ့ လားရှိုးကို ရောက်တယ်၊ ၁၉ ရက်နေ့အထိ မူဆယ်-နမ့်ခမ်းဘက် ခရီးထွက်တယ်၊ လားရှိုးရောက်တုန်းက ကြံ့ဖွံ့အမတ်လောင်းတွေနဲ့ တွေ့တယ်” ဟု အမည်မဖေါ်လိုသည့် လားရှိုးသား USDP ပါတီဝင် တဦးက ပြောပါသည်။

လားရှိုးခရိုင်ရှိ USDP အမတ်လောင်းများအား ၁၇ ရက်နေ့ တွေ့ဆုံစဉ် သျှမ်းပြည်မြောက်ပိုင်းအတွင်း ကျားဖြူပါတီအား အနိုင်ယူရန် မလွယ်ကူကြောင်း၊ ကျားဖြူ အားသာသည့် လားရှိုးမြို့အတွင်း၌ပင် ပြည်ခိုင်ဖြိုး အနိုင်ရရန် ၅ဝ ရာခိုင်နှုန်းကျော် နိုင်ဖွယ်မရှိကြောင်း သျှမ်းလူမျိုး အများဆုံး နေထိုင်သည့် အချို့မြို့နယ်များတွင် အနိုင်ရရန် ပို၍ပင် ခက်ခဲကြောင်း တင်ပြရာ ဝန်ကြီးချုပ်ဦးသိန်းစိန်က “ခင်ဗျားတို့ စိတ်မပူနဲ့ သူတို့တွေကို တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ ပြောလိုက်ရုံဘဲ” ဟု ပြောဆိုခဲ့ကြောင်း နီးစပ်တဲ့ ပုဂ္ဂိုလ်တဦးက ပြောပါသည်။

လွယ်တိုင်းလျဲန်း အခြေစိုက် သျှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့မှာမူ စစ်အစိုးရ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲ လုံးဝ လက်မခံကြောင်း၊ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအားလည်း လက်မခံကြောင်း၊ ကြံ့ဖွံ့ ပါတီအတွင်း ပါဝင်သည့် သျှမ်းအမျိုးသားများအားလည်း လုံးဝ လက်မခံကြောင်း၊ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကိုသာ လက်ခံကြောင်း မေ ၂၆ ရက်ကတည်းက အတိအလင်း ထုတ်ပြန်ကြေငြာခဲ့ပြီး ဖြစ်ပါသည်။

သျှမ်းပြည်မြောက်ပိုင်းနေ ရပ်မိရပ်ဖ တဦးက နအဖ၏ အကြံသည် သိုးငယ်ကို ဝံပုလွေက ပြဿနာ ရှာသည့် အီစွပ်ပုံပြင် တပုဒ်အလား ကျင့်ကြံနေကြောင်း ပြော၏။
(မြစ်ညာတွင် ရေသောက်နေသော ဝံပုလွေက မြစ်ကြေ၌ ရေသောက်နေသော သိုးငယ်အား “မင်းရေနှောက်အောင် လုပ်လို့ ငါရေမသောက်နိုင်ဘူး” 
သိုးငယ်က “အောက်ပိုင်းမှာ ကျနော် သောက်နေတာပါ” 
သို့သော် အပြစ်ရှာလိုသော ဝံပုလွေက “မနှစ်က မင်းငါ့ကို ဆဲဆိုတယ်”
သိုးငယ်က “ကျနော် ဒီနှစ်မှ မွေးတာပါ”
ဝံပုလွေက “မင်းမဟုတ်ရင် မင်းအဖေဘဲ။ ဒီတော့ မင်းမှာ အပြစ် ရှိတယ်” ဆိုပြီးနာက်ဆုံး သိုးငယ်ကို ကိုက်စားလိုက်တယ်)
http://www.litscape.com/author/Aesop/The_Wolf_And_The_Lamb.html တွင် ဖတ်ရှုနိုင်ပါသည်၊

Most read this week