ကင်းစောင့် နအဖတပ်သားက အပြစ်မဲ့ ရွာသားအား ရိုက်နှက်

ကင်းစောင့် နအဖတပ်သားက အပြစ်မဲ့ ရွာသားအား ရိုက်နှက်
by -
မွေခေါဝ်

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့အ၀င်/အထွက် ဂိတ်၌ ကင်းစောင့်နေသော နအဖတပ်သားက အပြစ်မရှိ ကျေးလက်ရွာသားများအား အကြောင်းမဲ့ ရိုက်နှက်နေကြောင်း ...

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့အ၀င်/အထွက် ဂိတ်၌ ကင်းစောင့်နေသော နအဖတပ်သားက အပြစ်မရှိ ကျေးလက်ရွာသားများအား အကြောင်းမဲ့ ရိုက်နှက်နေကြောင်း စုံစမ်းသိရှိရပါသည်။

“လွတ်ခိုက်ကျေးရွာအုပ်စုက စိုင်းယန္နပေါ့။ ပါးမှာ လက်သီးနဲ့ လေးချက် အထိုးခံရပြီး ဗိုက်မှာ ခြေထောက်နဲ့ တစ်ချက် ကန်တာ ခံရတယ်” ဟု မိုင်းရယ်ကုန်သည် တစ်ဦးက ပြောပါသည်။

အောက်တိုဘာ ၁၃ ရက် မွန်းတည့် ၁၂း၀၀ နာရီ ရွာသားနှစ်ဦး မော်တော်ဆိုင်ကယ်ဖြင့်  မိုင်းရယ်-၀မ့်ဇန့်-စိန်ကျော့ သွားလမ်း မိုင်းရယ်မြို့အ၀င်ဂိတ် ဖြတ်သွားစဉ် ရပ်ခိုင်းရာ ဆိုင်ကယ်ရပ်ရန် နေရာ မဟုတ်ဟု ပြောဆိုကာ ရိုက်နှက်ကြောင်း ၎င်းက ဆက်လက် ပြောပါသည်။

“အသက် ၅၀ ကျော် သျှမ်းဗမာကပြား ဗိုလ်အိုက်ဆရာလေ။ သူ ဒီဂိတ်မှာ လာစောင့်ကတည်းက ရွာသားတွေကို ရိုက်နှက်တာ ၁၀ ယောက်ကျော် ရှိပြီ။ သူနှိပ်စက်ချင်ရင်တော့ ဘာမှ မမေးဘူး။ ထိုးနှက်တော့တာဘဲ” ဟု တန့်ယန်းရောက် မိုင်းရယ်သား တစ်ဦးက ပြောပါသည်။

အဆိုပါ ဂိတ်၌ နအဖတပ်နှင့် အပစ်ရပ် SSA မြောက်ပိုင်းအကြား စစ်ပွဲ ဖြစ်ပွါးပြီးနောက် စစ်ဆေးရေးတင်းကြပ်လျက် ရှိကြောင်းကို ၎င်းက ဤကဲ့သို့ ဆက်ပြောပါသည်။

“မိုင်းရယ်ကို ၀င်ထွက်ချင်ရင် ရပ်ရွာ အကြီးအကဲ ထောက်ခံစာ ယူလာရတယ်။ ဂိတ်မှာ စောင့်တဲ့ နအဖတပ်ကို မှတ်ပုံတင် ရှိတဲ့ သူဆို  ၅၀၀ ကျပ်၊ မရှိတဲ့ သူတွေဆို ၁၀၀၀ ကျပ် ပေးရတယ်။ မှတ်ပုံတင် ရှိရှိ မရှိရှိ ပိုက်ဆံ ပေးနေရတယ်”

တဖက်၌လည်း မိုင်းရယ်မြို့ ခြံစည်းရိုး ခတ်ရန် ရွာသူရွာသားများထံမှ နှစ်ဖက်ချွန်ဝါးများ ဆင့်ဆိုထားကြောင်း၊  ရွာသူရွာသားများအား မိုင်းရယ်-၀မ့်ဇန့်-စိန်ကျော့ကားလမ်းဘေး တဖက်စီပေ ၅၀ အကျယ်ချုံပုတ်များ ရှင်းလင်းခိုင်းကြောင်း သိရှိရပါသည်။