ကြံ့ဖွံ့ပါတီ မဲရုံတစ်ရုံကိုယ်စားလှယ် ၃ ဦး ထားရန် ငွေပေးငှား

ကြံ့ဖွံ့ပါတီ မဲရုံတစ်ရုံကိုယ်စားလှယ် ၃ ဦး ထားရန် ငွေပေးငှား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီက ရွေးကောက်ပွဲ နေ့တွင် နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်မြေရှိ မဲရုံများ၌  ကိုယ်စားလှယ်များ ထားရန်  ယမန်နေ့က စ၍ ငွေပေးငှားရမ်းနေ...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီက ရွေးကောက်ပွဲ နေ့တွင် နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်မြေရှိ မဲရုံများ၌  ကိုယ်စားလှယ်များ ထားရန်  ယမန်နေ့က စ၍ ငွေပေးငှားရမ်းနေကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်မြေရှိ မဲရုံတစ်ရုံလျှင် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် ၃ ဦးစီ ထားရှိမည် ဖြစ်ပြီး တစ်ဦးလျှင် တစ်ရက် ကျပ် ၃,၀၀၀ နူန်းဖြင့် ဒေသတွင်း၌ လိုက်လံငှားရမ်းနေကြောင်း နမ့်ခမ်းကြံ့ဖွံ့ပါတီ အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယမန်နေ့က စတင်ခဲ့သည့် ဒေသတွင်း ကြံ့ဖွံ့ပါတီဝင်များ၏ စည်းရုံးရေး ခရီးတွင်  မဲရုံကိုယ်စားလှယ် ငှားရမ်းမည့် ကိစ္စကို တစ်ပါတည်း ဆောင်ရွက်နေကြောင်း သိရသည်။

“မဲရုံထားမဲ့ နေရာတိုင်းပေါ့ ကိုယ်စားလှယ် ၃ ဦးစီ ထားမယ်။ တစ်ယောက်ကို တစ်ရက် ၃,၀၀၀ ပေးမယ်။ ရွာတွေမှာ ပါတီအမာခံတွေ ရှိတာပေါ့ မဲရုံစောင့်ဖို့က သူတို့ကနေတဆင့် ပြန်ငှားရမှာပေါ့။ သူတို့ ခိုင်းတဲ့ သူပေါ့” ဟု သူက ဆိုသည်။

ရွေးကောက်ပွဲ မဲဆွယ်ရေး ခရီးအတွက် ယမန်နေ့က ကြံ့ဖွံ့ပါတီဝင် ၃၀၀ ၀န်းကျင်ခန့်စေလွတ်ခဲ့ခြင်း ဖြစ်ပြီး တစ်ယောက်လျှင် တစ်ရက် ၂၀၀၀ ကျပ်နူန်း စရိတ်ပေးခဲ့ကြောင်း သိရသည်။

“မနေ့က ပါတီဝင် ၃၀၀ လောက် လူခွဲပြီး ရွာတွေကို လွတ်လိုက်တယ်၊ စာရိတ်က တစ်ရက် ၂,၀၀၀ ပေးတယ်။ ရွာတွေမှာ ရှိတဲ့ အိမ်တိုင်း စာစောင်တွေ ဝေမယ်။ တစ်ရွာကို ၀တ်စုံ ၁၅ စုံစီလည်း ပေးမယ်။ မဲပေးတဲ့ နေ့မှာ ၀တ်စုံတွေက ပါတီ အမာခံနဲ့ မဲရုံ ကိုယ်စားလှယ်တွေ ၀တ်ဖို့ပေါ့။ ၀တ်စုံကတော့ အကျီနဲ့ ဦးထုတ် ပုဆိုးတော့ မပါဘူး” သူက ဆိုသည်။

နမ့်ခမ်းမြို့နယ်အတွင်း မဲရုံထားမည့် ကျေးရွာစာရင်းအား သျှမ်းသံတော်ဆင့်က လက်လှမ်းမှီသ၍ စုံစမ်းရာတွင် ကွန်ဟိုင်း၊ ဟိုဆိုင်း၊ နောင်တိန်း၊ မန့်ဟောင်း၊ နောင်ကောင်း - ကွန်လုံ (နှစ်ရွာ) နှင့် နောင်စန့် - ဟိုကိုင် ( နှစ်ရွာ) စသည့် ရွာများ၌ မဲရုံထားရှိမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လူအား ငွေအားတွင် အခြားနိုင်ငံရေးပါတီများထက် အဆပေါင်းများစွာ သာလွန်သုံးစွဲနိုင်ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်မြေ၌ သျှမ်းကျားဖြူပါတီ၊ ကြံဖွံ့ပါတီ၊ ပလောင် ပါတီ စသည့် ၃ ပါတီသည် အဓိက ယှဉ်ပြိုင်ကြမည် ဖြစ်သည်။