လွယ်လင်မြို့ခံများ အိမ်တံခါးပိတ် သော့ခတ်၍ USDP အား ကျောခိုင်း

လွယ်လင်မြို့ခံများ အိမ်တံခါးပိတ် သော့ခတ်၍ USDP အား ကျောခိုင်း

တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်း တောင်းကြည့်ကာ မရမက ပါတီဝင် လိုက်ပြီး စည်းရုံးမဲဆွယ်သော USDP ပါတီ စည်းရုံးရေးအဖွဲ့အား လွယ်လင်ဒေသခံအချို့က တံခါးပိတ်သော့ခတ် ရှောင်တိမ်းနေကြ.....

တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်း တောင်းကြည့်ကာ မရမက ပါတီဝင် လိုက်ပြီး စည်းရုံးမဲဆွယ်သော USDP ပါတီ စည်းရုံးရေးအဖွဲ့အား လွယ်လင်ဒေသခံအချို့က တံခါးပိတ်သော့ခတ် ရှောင်တိမ်းနေကြကြောင်း စုံစမ်းသိရှိရသည်။

“ကြံ့ဖွံ့ပါတီတွေ ပြီးခဲ့တဲ့ အပတ်ထဲက လွယ်လင်မှာ စည်းရုံးရေး ဆင်းတာ။ အဲလိုလုပ်ရပ်မျိုး ရပ်ကွက် ၃ ခုလောက် ကြုံရတယ်။ အိမ်ထောင်စုစာရင်း တောင်းကြည့်တာ။ မရမနေ အဓမ္မ စည်းရုံးတာ။ အဲဒါနဲ့ တချို့အိမ်တွေဆို သူတို့ လာမယ်သိတာနဲ့ တံခါးပိတ်သော့ခတ်ပြီး ကျောခိုင်းရှောင်ထွက်ကြတာ” ဟု လွယ်လင်မြို့ခံတဦးက ပြော၏။

sndpsign-logoလွယ်လင်၌ စည်းရုံးရေး ဆင်းသည့်အလား ပင်လုံမြို့နှင့် တခြား မြို့တွင်လည်း USDP ပါတီက အိမ်ရှင်ဆန္ဒမေးမြန်းခြင်း မရှိဘဲ ပါတီဝင်အဖြစ် အဓမ္မ သွတ်သွင်းခဲ့သေးကြောင်းလည်း လွယ်လင် မြို့ခံများက ပြောပြပါသည်။

ယနေ့ ၁၃ ရက်တွင်မူ လွိုင်လင်မြို့သို့ SNDP ကျားဖြူပါတီလည်း လာရောက်စည်းရုံးကြောင်း သိရသည်။

“လွယ်လင်မှာဆို  ရပ်ကွက် ၄ တခုထဲ ကောင်းကောင်းစည်းရုံးနိုင်ရင် လုံလောက်ပြီ။ အဲမှာက သျှမ်းများတယ်။ အိမ်ထောင်စု ၃၀၀ ကျော် ရှိမယ်။ လွယ်လင်ကို သွားမယ့်အကြောင်း သတင်းပို့ထားပြီးကတည်းက ဒေသခံလူငယ်တွေ စည်းရုံးထားတာ အယောက် ၃၀၀ လောက် ရှိပြီ” ကျားဖြူ ပါတီစည်းရုံးရေးမှူး တဦးက ပြောသည်။

လွယ်လင်၌ စည်းရုံးရေး ဆင်ပြီးးပါက လာမည့် ၁ -၂ ရက်အတွင်း မိုင်းပွန်ဘက်သို့ ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

“အချိန်ကလဲ ကပ်နေတော့ ပင်လုံ ဆနင်းတောင်ပေါ်ရွာဘက်လဲ တချို့သွားစည်းရုံးကြတယ်။ အဲဘက်မှာ မဆင့်ခေါ်ရဘဲနဲ့ အိုးစည်ဗုံ မောင်းတွေနဲ့ ကြိုဆိုကြတဲ့ ရွာတွေတောင် ရှိတယ်” ၎င်းက ဆက်ပြောပြသည်။   

သို့သော် ဆနင်းတောင်ပေါ်ရွာသားများအတွက် မဲပုံးသတ်သတ်ထားပေးမည်လော (သို့မဟုတ်) ပင်လုံသို့ သွားရောက်မဲပေးခိုင်းမည်လော ဆိုသည်ကိုမူ ရွေးကောက်ပွဲကော်မရှင်က မဆုံးဖြတ်ပေးသေးဟုလည်း သိရ၏။

အောက်တိုဘာ ၇ ရက်က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မတ်ချိနူတိုက်နယ်ဘက် ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော ကြံ့ဖွံ့ပါတီ စည်းရုံးရေး ဆင်းစဉ်ကလည်း “ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ ကျားဖြူပါတီ ဘယ်ပါတီမဆို သျှမ်းတွေချည်းဘဲ ဖြစ်တယ်။ ဘယ်ပါတီကိုသာ မဲထည့်ပေးပါ ဆိုတာ မပြောလိုဘူး။ အဓိကကတော့ တံခါးလေး ဟပေးတုန်း မိမိရဲ့ ကိုယ်ပိုင်အခွင့်အရေးကို မိမိရရ အပြည့်အ၀ အသုံးချစေချင်တယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေအပေါ် မျက်စိဖွင့်နားစွင့်ပြီး လုပ်စေချင်တယ်” ဟု စိုင်းမောက်ခမ်း ကိုယ်တိုင် ပြောကြောင်း လားရှိုးရောက် မတ်ချိနူရွာသားတဦးက ပြောသည်။      

မဲပြားပေါ်၌ မဲပေးသူ၏ အမည်နှင့် မှတ်ပုံတင် ရေးရမည် ဟူသော (2008 ဆန္ဒခံယူပွဲကကဲ့သို့) ခြိမ်းခြောက်မှု ရှိနေသည့်အပေါ် ရန်ကုန်မြို့နေ သျှမ်းအမျိုးသား တဦးက “မဲရုံအ၀င်ဝမှာဘဲ မှတ်ပုံတင်ပြ မဲပြားယူရမှာ။ မဲပြားပေါ်မှာ နာမည်မှတ်ပုံတင်အမှတ် ရေးမယ်ဆိုတာ လုံးဝ မဟုတ်ဘူး။ ကိုယ်က ဘယ်မဲပုံးမှာ မဲထည့်တယ်ဆိုတာ ဘယ်သူမှ လိုက်မကြည့်ဘူး။ ဒါကြောင့် မိမိအခွင့်အရေးကို အသုံးချပါ။ ကိုယ်ပေးချင်တဲ့ ပါတီကိုဘဲ ရွေးပြီး မဲပေးကြပါ” ဟု တိုက်တွန်းပြောဆိုသည်။

 

 

 

Most read this week