သျှမ်းအရှေ့လူထု ကျားဖြူပါတီ မဲဆွယ်စည်းရုံးရေး ထိရောက်ဟုဆို

သျှမ်းအရှေ့လူထု ကျားဖြူပါတီ မဲဆွယ်စည်းရုံးရေး ထိရောက်ဟုဆို

သျှမ်းပြည် အရှေ့ပိုင်းသို့  SNDP ခေါ် ကျားဖြူပါတီ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးရေး ဆင်းနိုင်ခဲ့ပြီးနောက်ပိုင်း လူထုက အကြောက်တရား ကင်းလာပြီး ကျားဖြူပါတီကို မဲပေးကြမည်ဟု မျှော်လင့်ရကြောင်း သျှမ်းအရှေ့ဒေသခံများက ပြော....

သျှမ်းပြည် အရှေ့ပိုင်းသို့  SNDP ခေါ် ကျားဖြူပါတီ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးရေး ဆင်းနိုင်ခဲ့ပြီးနောက်ပိုင်း လူထုက အကြောက်တရား ကင်းလာပြီး ကျားဖြူပါတီကို မဲပေးကြမည်ဟု မျှော်လင့်ရကြောင်း သျှမ်းအရှေ့ဒေသခံများက ပြောပါသည်။

002-sndp-in-mongtonပုံပါကျင်မြို့နယ်ခွဲနှင့် နားကောင်းမူးတို့၌ ကျားဖြူပါတီသို့ မိမိဆန္န အလျောက် ပါတီဝင်သူဦးရေ ၁၀၀ ကျော်စီ အသီးသီး ရရှိခဲ့ပြီး ယခု လလယ်ပိုင်း  ထပ်မံစည်းရုံးဦးမည်ဟု မိုင်းတုံဒေသခံ ပါတီဝင် တဦးက ပြော၏။

“စည်းရုံးရေး သမားတွေက ပြောတတ်တာကိုး။ ဘယ်ပါတီဟာဖြင့် မကောင်းဘူး၊ ဘယ်ပါတီဟာဖြင့် ကောင်းတယ်ဆိုတာ မပြောဘူး။ ၀က်သားစားလာတာ အနှစ် ၃၀-၄၀ ရှိနေပြီတဲ့။ အီရော-၀ရော ပေါ့တဲ့။ အပြောင်းအလဲလေး ဖြစ်အောင် တခြားဟင်းခွက် စမ်းနှိုက်ကြည့် ပါလားတဲ့” ဟု အဆိုပါ အမျိုးသမီးက ဆက်ပြော၏။

ကျားဖြူပါတီ စည်းရုံးရေးမှူး တဦးကမူ သံလွင်အရှေ့ခြမ်း၌ ကျေနပ်အားရဖွယ် ရှိသကဲ့သို့ သံလွင်အနောက်ခြမ်းတွင်လည်း လင်းခေး၊ နမ့်ဇန်မြို့နယ်တို့မှ လွဲ၍ အားရဖွယ်ရှိကြောင်း ပြောသည်။

“သံလွင်အရှေ့ခြမ်း တာချီလိတ်မြို့နယ် မိုင်းကိုး၊ တာချီလိတ်၊ မိုင်းဖုန်းဘက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလက သွားစည်းရုံးတယ်။ ၂ ပါတ်ကျော် အချိန်ယူပြီး တရက်မှာ ၅ ရွာကနေ ၈ ရွာအထိ စည်းရုံးနိုင်ခဲ့တယ်။ ၁ ရွာ နာရီဝက်လောက် ဘဲပြောရတယ်။ ၁ ရွာလူ အယောက် ၂၀ ကနေ ၅၀  ကျော်အထိ လာရောက်နား ထောင်ကြတယ်။ မဲထည့်ရာမှာ မိမိအခွင့်အရေးကို အစွမ်းကုန် အသုံးချဖို့၊ ကိုယ်ဘာထည့်ထဲည့် ဘယ်သူမှ မမြင်ရဘူး။ ကိုယ့်ကို မဖမ်းနိုင်ဘူး-ပြောပြတော့ ရွာသားတွေက ‘အဲလိုလွတ်လွတ်လပ်လပ် ထည့်နိုင် ရင်တော့ ကိုယ့်လူမျိုးရဲ့ ပါတီကိုဘဲ ထည့်မှာပေါ့လို့ ပြောကြတယ်” ဟု အကျယ်တ၀င့် ရှင်းပြသည်။

သျှမ်းပြည်အရှေ့ပိုင်းတွင် SNDP ကျားဖြူပါတီက ကြံ့ဖွံ့ပါတီ၊ တစည ခေါ် NUP ပါတီနှင့် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP တို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

သို့သော် နအဖ စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင်က သျှမ်းပြည်၏ သံလွင်အရှေ့ပိုင်းရှိ ၀ နှင့် မိုင်းလား ထိန်းချုပ်နယ်မြေ အပါအ၀င် မြို့နယ်ပေါင်း ၁၂ ခုမှ ကျေးရွာအုပ်စုပေါင်း ၅၀ ကျော်၊ ရွာပေါင်း ၃၀၀ ကျော်အား ရွေးကောက်ပွဲ ကျင်းပရေး မဲဆန္ဒနယ်မြေမှ ပါယ်ဖျက် ထားသည်။