လိုင်စင်မဲ့ ကားများကို မူစယ်မြို့၌ စက်တင်ဘာလ ၂၅ ရက်နေ့မှ စ၍ ဖမ်းဆီးလာခဲ့သော်လည်း အာဏာပိုင်များနှင့် ပတ်သက်သူများ ပိုင်ဆိုင်သည့် လိုင်စင်မဲ့ ကားများ ဖမ်းဆီးခြင်း မခံရ.....
လိုင်စင်မဲ့ ကားများကို မူစယ်မြို့၌ စက်တင်ဘာလ ၂၅ ရက်နေ့မှ စ၍ ဖမ်းဆီးလာခဲ့သော်လည်း အာဏာပိုင်များနှင့် ပတ်သက်သူများ ပိုင်ဆိုင်သည့် လိုင်စင်မဲ့ ကားများ ဖမ်းဆီးခြင်း မခံရကြောင်း စုံစမ်းသိရသည်။
ယခင် လားရိုး စစ်တိုင်းမှူးမှ ကစထမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရသူ ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့် ပတ်သက်သူများ၊ ဋ္ဌာနဆိုင်ရာ များနှင့် ပတ်သက်သူများ၏ လိုင်စင်မဲ့ ကားများ အဖမ်းမခံရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဗိုလ်ချုပ် အောင်သန်းထွဋ် ညီအရင်း အောင်လင်းထွဋ် ပိုင်တဲ့ စိတ်ကြိုက်ကားလို အဖွဲ့တွေရဲ့ လိုင်စင်မဲ့ ကားတွေကို မဖမ်းဘူး ထည်လဲ စီးနေတယ်။ မြို့ထဲမှာလည်း ပေါ်တင်ရပ်တယ်။ လိုင်စင်မဲ့ကား ၄ စီး လောက်ရှိတယ်” လို့ ဒေသခံတစ်ဦးက ဆိုသည်။
ထို့အပြင် ၎င်းနှင့် နီးစပ်သူ လိုင်စင်မဲ့ ကားကုန်သည်ကြီး တစ်ဦးပိုင်သည့် ကားများကို တရုတ်နယ်စပ် ကျယ်ဂေါင်မြို့မှ မူစယ်မြို့သို့ ယခုရက်ပိုင်းအတွင်း တင်သွင်းခဲ့သေးရာ ဖမ်းဆီးမှု မရှိကြောင်း သိရသည်။
“ဂျပန်နိုင်ငံကနေ တရုတ်လမ်းဝင်တဲ့ ၀စ်သောက်တွေပေါ့ဗျာ။ တရုတ်ကနေ မူစယ်ဘက်ကို ထွက်ရတယ်ဗျ။ အဲဒါမှ တရုတ်ကို ဖြတ်လို့ ရတာ။ ၂ဂ ရက်နေ့က ဂ စီး သွင်းတယ်၊ ၃၀ ရက်နေ့က ၁၀ စီး ဆင်ဖြူဂိတ်ပေါက်ကနေ ၀င်တယ်။ အဲဒီကားတွေ အဖမ်းမခံရဘူး” ဟု သူက ဆိုသည်။
မူစယ်တွင် အောက်တိုဘာလ ၁ ရက်နေ့အထိ ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကား ၃၁ စီး ရှိပြီဖြစ်ကြောင်း မူစယ်ကညန ၀န်ထမ်း တစ်ဦးက ပြောသည်။
“ဋ္ဌာနဆိုင်ရာတိုင်းမှာ ၀စ်သောက်ကား ရှိတယ်၊ မဖမ်းခင် ၂ ရက်လောက်ကတည်းက ကြိုရှောင်ထားပြီပေါ့၊ စရဖတို့ ရဲတို့နဲ့ နီးစပ်တဲ့ သူတချို့တော့ အခုထိ ပေါ်တင်စီးနေတယ်” ဟု နောက်ထပ်ဒေသခံ တစ်ဦးက ဆိုသည်။
ယခု အဖမ်းခံရသည့် လိုင်စင်မဲ့ကား အများစုသည် လိုင်စင်မဲ့ ကားကုန်သည်ကြီး အချို့နှင့် သာမန်အရပ်သားများ ပိုင်သည့် ကားများ ဖြစ်ကြောင်း သိရသည်။