အပစ်ရပ် “ဝ”နယ်မြေ အနီးသို့ မြန်မာတပ်မတစ်ခု ချဉ်းကပ်နေပြီ

အပစ်ရပ် “ဝ”နယ်မြေ အနီးသို့ မြန်မာတပ်မတစ်ခု ချဉ်းကပ်နေပြီ

နယ်ခြားစောင့်တပ် ငြင်းဆန်နေသည့် တရုတ်နယ်စပ်ရှိ အင်အားကြီး ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ နယ်မြေ အနီးသို့ မြန်မာစစ်တပ်မှ ကျောက်မဲမြို့ အခြေဆိုက် ...

နယ်ခြားစောင့်တပ် ငြင်းဆန်နေသည့် တရုတ်နယ်စပ်ရှိ အင်အားကြီး ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ နယ်မြေ အနီးသို့ မြန်မာစစ်တပ်မှ ကျောက်မဲမြို့ အခြေဆိုက် စကခ (၁) လက်အောက်ခံ နည်းဗျူဟာ တစ်ခုကို စက်တင်ဘာလ ၁၂ ရက်နေ့က စတင်စေလွတ်လိုက်ပြီး ကျန်တပ်ရင်းများကို အသင့်ပြင်ထားရန် ညွန်ကြားထားကြောင်း သိရသည်။

ဝ တပ်ဖွဲ့ထိန်းချုပ် နယ်မြေ မန်းဆိုင်နှင့် အနီးဆုံး ဖြစ်သော မြန်မာစစ်တပ် ထိန်းချုပ်ရာ တန့်ယန်းမြို့သို့ စေလွတ်လိုက်ခြင်း ဖြစ်ပြီး ထိုမှတဆင့် ဝ နယ်မြေအား စိုးမိုးထားသော လွယ်ပန်လုံ မြန်မာတပ်စခန်းသို့ ဦးတည်ချီတက်နေသည်ဟု စစ်ဘက်နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“တန့်ယန်းကနေဆိုရင် သံလွင်မြစ် ကူးတဲ့ တာကော်အက် တံတားကို spdc_troopဖြတ်ပြီး တောင်ကြောကို တစ်နာရီကျော်လောက် သွားရတဲ့ လွယ်ပန်လုံဘက်ကို ပို့နေတယ်။ လွယ်ပန်လုံ စခန်းက ဝ နယ်မြေကို အပေါ်စီးကနေ စိုးမိုးထားတဲ့ ပို့စ်ကုန်း တစ်ခုပေါ့။ ဒီကနေဝင်ရင်တော့ ဝ ဋ္ဌာနချုပ်ပန်ဆန်းနဲ့ ဝ မြောက်ဒေသကို ဖြတ်ထားလို့ ရတယ်” ဟု သူက ဆိုသည်။

သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့၌ အရှေ့မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာတစ်ခု ထားရှိရာ ၎င်းစစ်ဗျူဟာအောက်တွင် အနည်းဆုံး တိုက်ခိုက်ရေး တပ်ရင်း ၇ ရင်းခန့် ရှိကြောင်း သိရသည်။

ထို့အပြင် နောက်ထပ်မြန်မာတပ်မ တစ်ခုကို အသင့်ပြင်ခိုင်းထားသေးရာ ဝ နယ်မြေအနီးသို့ ဝင်လာမည့် မြန်မာတပ်မ အနည်းဆုံး ၂ ခုခန့် ရှိနိုင်ကြောင်း သိရသည်။

“စကခ ၁ က ဗျူဟာ တစ်ခုကို တနင်္ဂနွေနေ့က ပို့လိုက်တယ်။ သူ့လက်အောက်ခံ ဗျူဟာ ၂ ခုကိုလည်း အသင့်ပြင်ခိုင်းထားတယ်။ နောက်ထပ်တပ်မတစ်ခုကိုလည်း ဆွဲတင်မယ်။ အားလုံး တပ်မ ၂ ခုလောက် ဖြစ်တာပေါ့” ဟု သူက ဆိုသည်။

မြန်မာစစ်တပ်မှ ယခုလို စစ်အင်အား ဖြည့်တင်းမှုများ ပြုလုပ်နေသည့်တိုင်အောင် ဝ ဒေသတစ်ခုလုံးကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်သည့် အနေအထား မဟုတ်သေးကြောင်း အပစ်ရပ် ၄ ဖွဲ့ ပူးပေါင်းထားသည့် PDF တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောဆိုသည်။

“ဝ နယ်တစ်ခုလုံးကို တိုက်နိုင်တဲ့ အနေအထားတော့ မဟုတ်ဘူး။ သူတို့ လုပ်ချင်ရင် နယ်စပ်နဲ့ ဝေးတဲ့ အတွင်းပိုင်း တစ်နေရာလောက်ကို ဝင်သိမ်းတာမျိုး လုပ်နိုင်တယ်” ဟု ဆိုသည်။

အဆိုပါ မြန်မာစစ်တပ် ချဉ်းကပ်လာသည့် ဝ နယ်မြေတွင် ဝ တပ်ဖွဲ့ဘက်မှ ၄၃၈ တပ်မဟာ အပါအဝင် တပ်မဟာ ၂ ခုတို့က ထိန်းချုပ်ထားကြောင်း သိရသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းဖွဲ့စည်းရေးနှင့် လက်နက်စွန့်ရေး ကိစ္စ စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရန် မြန်မာစစ်တပ်ဘက်မှ ရာဇသံကို အပစ်ရပ်များက ငြင်းပယ်ပြီးနောက် မြန်မာစစ်တပ်နှင့် အပစ်ရပ် အဖွဲ့များ စစ်ရေးအရ တင်းမာနေခြင်း ဖြစ်သည်။

သံလွင်မြစ် အနောက်ဘက်ကမ်း ဝ ထိန်းချုပ်နယ်မြေ၏ မျက်နှာစာရှိ နယ်ခြားစောင့်တပ် ငြင်းဆန်နေသော သျှမ်းပြည် တပ်မတော် (မြောက်ပိုင်း) တပ်မဟာ ၁ ဌာနချုပ် ဝမ်ဟိုင်းအား ယခုလဆန်းပိုင်းမှ စ၍ မြန်မာစစ်တပ်က ဝိုင်းရံပိတ်ဆို့ထားသောကြောင့် သျှမ်းတပ်က ဦးစွာ ထိပ်တိုက်ရင်ဆိုင်ရဖွယ်ရှိကြောင်း အပစ်ရပ် SSA တပ်မဟာ (၁) အရာရှိတစ်ဦးက ပြောသည်။

 

 

 

 

 

Most read this week