စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ် ကြီးရဲမြင့် ရာထူးမှ မစွန့်ခွါမှီ သြဂတ်စ် ၂၀ ရက် မိုင်းလားတပ်ဖွဲ့ ကိုယ်စားလှယ်နှင့် ကျိုင်းတုံ၌ ခေါ်တွေ့စဉ် လက်နက်ချရန် နှုတ်ဖြင့် ပြောဆိုသည့်အပြင် စာဖြင့်လည်း သတိပေး....
စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ် ကြီးရဲမြင့် ရာထူးမှ မစွန့်ခွါမှီ သြဂတ်စ် ၂၀ ရက် မိုင်းလားတပ်ဖွဲ့ ကိုယ်စားလှယ်နှင့် ကျိုင်းတုံ၌ ခေါ်တွေ့စဉ် လက်နက်ချရန် နှုတ်ဖြင့် ပြောဆိုသည့်အပြင် စာဖြင့်လည်း သတိပေးခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။
“နယ်ခြားစောင့်တပ်ဖွဲ့ဖို့ အချိန်နှောင်းသွားပြီ။ လက်နက်ချဖို့ဘဲ ရှိတော့တယ်လို့ ရဲမြင့်က နှုတ်နဲ့ ပြောတဲ့အပြင် အချက် ၆ ချက်ပါ စာလဲ ပေးသွားသေးတယ်” ဟု ကျိုင်းတုံဒေသခံ တစ်ဦးက ပြောပါသည်။
ထိုအချက် ၆ ချက်အနက် အရေးကြီးအချက် ၃ ချက်မှာ ၁. နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရန် အချိန် နှောင်းသွားပြီ ဖြစ်သောကြောင့် လက်နက်ချရန်သာ ရှိကြောင်း၊ ၂. လက်နက်ချပြီးသော်လည်း အခွင့်အရေး ပြည့်ဝစွာ ခံစားရမည် ဖြစ်ပြီး ကုမ္ပဏီ ထောင်ခွင့်၊ စီးပွါးရေး လုပ်ပိုင်ခွင့်များ ရရှိမည် ဖြစ်ကြောင်း၊ ၃. စက်တင်ဘာ ၁ ရက်နေ့ ကျော်လွန်၍ လက်နက်ချမည့်ကိစ္စ အကြောင်း မပြန်လျှင် ရွေးကောက်ပွဲ ပြီးသည်နှင့် အလိုအလျောက် မတရားအသင်း ဖြစ်သွားမည်။ အကြပ်အတည်း ကြုံဒုက္ခရောက်မည် စသည်တို့ ဖြစ်သည်။
ဗိုလ်ရဲမြင့်နှင့် တွေ့ဆုံပြီးနောက် သြဂတ်စ် ၂၁ ရက်မှ စ၍ ၄ ရက်ကြာ ၀နှင့် မိုင်းလား ခေါင်းဆောင်များ ပန်ဆန်း၌ အစည်းအဝေး ဆက်တိုက်ထိုင်ခဲ့သည်။
“သြဂတ်စ် ၂၄ ရက်မှာ ၂ ဖွဲ့စလုံး သဘောတူ ဆုံးဖြတ်ချက်ချပြီး ဗိုလ်ရဲမြင့်ဆီ ရိုသေသိမ်မွေ့စွာ စာပြန်တယ်။ လက်နက် မချနိုင်ဘူးပေါ့။ နောင်တက်လာမဲ့ အစိုးရတိုင်အောင် လက်ရှိ အနေအထားတိုင်း ဆက်နေသွားမယ်လို့ ကိုယ်စီ ဖြေသွားကြတယ်” ဟု တန့်ယန်းဒေသခံ တစ်ဦးက ပြောပါသည်။
ထို့နည်းတူ မိုင်းလား နယ်ထဲသို့ ရွေးကောက်ပွဲ ကော်မရှင်နှင့် နအဖလုံခြုံရေး တပ်ဖွဲ့ ပို့ဆောင်မည့် ကိစ္စလည်း လက်ခံမည် မဟုတ်ဟု ဆို၏။
“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မိုင်းလား အဖွဲ့က မဆန့်ကျင်သလို ပါဝင်မှာလဲ မဟုတ်ဘူး။ ဒါကြောင့် ရွေးကောက်ပွဲ ကော်မရှင်နဲ့ သူတို့ရဲ့ လုံခြုံရေးတပ်ဖွဲ့လဲ ပို့လာစရာ မလိုပါဘူး” ဟု ဖြေဆိုကြောင်း မိုင်းလား ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် ကျိုင်းတုံ ကုန်သည် တစ်ဦးက ပြောပါသည်။
ဝနှင့် မိုင်းလားတပ်ဖွဲ့နည်းတူ ဗိုလ်ချုပ် ပန်ဖှ ဦးဆောင်သည့် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ အားလည်း လားရှိုး အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌါနချုပ် တိုင်းမှူးသစ် ဗိုလ်မှူးချုပ် အောင်ကျော်ဇောက လက်နက်သာ ချရေးကိုသာ ခေါ်ဆိုသတိပေးခဲ့သည်ဟု ဆို၏။