ဝနှင့် မိုင်းလား ထိပ်ပိုင်းခေါင်းဆောင်များအား နအဖ ထပ်ဆင့်ခေါ်

ဝနှင့် မိုင်းလား ထိပ်ပိုင်းခေါင်းဆောင်များအား နအဖ ထပ်ဆင့်ခေါ်
by -
မွေခေါဝ်

နအဖဘက်မှ ထပ်မံဆင့်ခေါ်ချက်အရ UWSA ၀ တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့မှ အရာရှိများ ယနေ့နံနက်၌ သွားရောက် တွေ့ဆုံကြောင်း စုံစမ်းသိရှိရ....

နအဖဘက်မှ ထပ်မံဆင့်ခေါ်ချက်အရ UWSA ၀ တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့မှ အရာရှိများ ယနေ့နံနက်၌ သွားရောက် တွေ့ဆုံကြောင်း စုံစမ်းသိရှိရပါသည်။

“မနေ့ ၀ တပ်က နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဥက္ကဋ္ဌ ဗိုလ်လာခမ်းနဲ့ အဖွဲ့ဝင် ၇-၈ ယောက် ပန်ဆန်းဌါနချုပ် ကနေ မန်းဆိုင်ကို ခရီးထွက်လာပြီး တစ်ည အိပ်တယ်။ ဒီနေ့မနက် တန့်ယန်းကို ခရီးဆက်တယ်” ဟု တန့်ယန်း ဒေသခံ တစ်ဦးက ပြောပါသည်။

သြဂတ်စ် ၁၇ ရက်၌ စရဖချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ၀ ခေါင်းဆောင်များအား တန့်ယန်း၌လည်းကောင်း၊ တြိဂံ ဒေသ တိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုးက မိုင်းလား ခေါင်းဆောင်များအား ကျိုင်းတုံ၌လည်းကောင်း သြဂတ်စ် ၂၀ ရက် သွားရောက်တွေ့ဆုံရန် ဆင့်ခေါ်ထားသည်ဟု ဆို၏။

စရဖညွှန်ချုပ် ဒုဗိုလ်ချုပ် ရဲမြင့်က ယနေ့နံနက် ၁၀ နာရီ တန့်ယန်း၌ သွားရောက်တွေ့ဆုံစေလိုကြောင်း၊ ဥက္ကဋ္ဌ ပေါက်ယူချမ်း ကိုယ်တိုင်သွားရောက်တွေ့ဆုံရန် မှာကြားထားကြောင်း လားရှိုးရောက် တန့်ယန်း ဒေသခံတစ်ဦးက ဤကဲ့သို့ ပြောပါသည်။

“ဗိုလ်ချုပ် ရဲမြင့်က ပေါက်ယူချမ်းကို သွားတွေ့ဖို့ မှာထားတယ်။ ဒါပေမဲ့ ပေါက်ယူချမ်း ပန်ဆန်းမှာ မရှိဘူး။ နေလဲ မကောင်းဘူးတဲ့။ ပြောရေးဆိုခွင့် ရှိတဲ့ ဘာသာပြန် ဦးအောင်မြင့် ခေါ် လီဇူးလျဲ့လဲ ခရီးလွန်နေတယ်။ ဘာမှ တင်ပြစရာ မရှိဘူးတဲ့။ နအဖ ပြောတာဘဲ သွားနားထောင်မယ်လို့ ကြားတယ်”

ထို့အတူ မိုင်းလားတပ်လည်း ယနေ့နံနက်၌ ကျိုင်းတုံသို့ ရောက်ရှိလာပြီး တြိဂံတိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုးနှင့် သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် ကျိုင်းတုံသား တစ်ဦးက ပြောပါသည်။

“ဒီနေ့နံနက် ကျိုင်းတုံကို လာကြတယ်။ အလယ်အလတ်အဆင့် အရာရှိတွေနဲ့ အဖွဲ့ဝင် တချို့ဘဲ လာတယ်။ ဥက္ကဋ္ဌ စ၀်စိုင်းလင်းလဲ မိုင်းလားမှာ မရှိဘူးတဲ့။ လာနေကျ ဒုဥက္ကဋ္ဌ ဦးစန်းပေနဲ့ ဦးဆန်လူတို့ နှစ်ယောက်လဲ မလာဘူး” ဟု ၎င်းက ဆက်လက်ပြောပါသည်။

နိုင်ငံရေး လေ့လာသူများက ယခုတွေ့ဆုံပွဲသည် ရွေးကောက်ပွဲနှင့် နယ်ခြားစောင့်တပ် ကိစ္စအတွက် ပြောဆို မည်ဟု ယူဆရကြောင်း သုံးသပ်ကြသည်။
bo-lakham
နအဖနှင့် သွားတွေ့မည့် ကိစ္စကို သြဂတ်စ် ၁၈ - ၁၉ ရက်၌ ၀ တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့တို့ အစည်းအဝေး ကိုယ်စီ ကျင်းပကြောင်း သိရှိရသည်။

အရှေ့မြောက်ပိုင်း တိုင်းစစ်ဌါနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ၀င်းသိန်း၊ တန့်ယန်း အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်တို့နှင့် ၀ ခေါင်းဆောင်ပိုင်းများ ဂျွန် ၂၂ ရက်နေ့ ပန်ဆန်းသို့ နောက်ဆုံး သွားရောက်တွေ့ဆုံခဲ့ကြသည်။

 

 

 

 

 

 

Most read this week