နိုင်ငံသား စိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) မပြုလုပ်ရသေးသော ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်းရှိ ဒေသခံများအား လာမည့် နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံသား စိစစ်ရေးကဒ်ပြား ထုတ်ပေးမည်....
နိုင်ငံသား စိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) မပြုလုပ်ရသေးသော ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်းရှိ ဒေသခံများအား လာမည့် နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံသား စိစစ်ရေးကဒ်ပြား ထုတ်ပေးမည်ဟု သိရသည်။
၎င်းမှတ်ပုံတင် ပြုလုပ်ရေးကိစ္စ ဗန်းမော်ခရိုင် အေးချမ်းရေးသာယာနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးသောင်းဖေ ကိုယ်တိုင် ဒေသတွင်းရှိ ကျေးရွာဥက္ကဋ္ဌများအား ယခုလဆန်းပိုင်းက ဆင့်ခေါ် ပြောကြားခဲ့ကြောင်း ဗန်းမော် ဒေသခံ ကျေးရွာ ဥက္ကဋ္ဌနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ဗန်းမော်မြို့နယ်ရှိတိန်းတော်၊ နှင်းအီရွာများအပါအ၀င် မိုးလဲချောင်းတစ်လျှောက်ရှိ သျှမ်းရွာဥက္ကဋ္ဌများအား ခေါ်ယူ ပြောကြား ခဲ့ခြင်းဖြစ်သည်။
“ရွာစဉ်အလိုက် ဗန်းမော်ခယကရုံးကိုခေါ်ပြီး စည်းဝေးတယ်။ ခယကဥက္ကဋ္ဌက ရွာထဲမှာ မှတ်ပုံတင် မရှိတဲ့သူတွေ စာရင်းတင်ပြပြီး မှတ်ပုံတင်လုပ်ရမယ်လို့ပြောတယ်။ အုပ်ချုပ်ရေးရုံးကိုအရင် စာရင်းတင်ပြ၊ အဲဒီကနေမှ လ၀က (လူဝင်မှုကြီးကြပ်ရေးအဖွဲ့) ကနေလုပ်ပေးမှာပေါ့” ဟု နီးစပ်သူက ပြောသည်။
၂၀၀၈ မေလ ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲ ကျင်းပစဉ်က နိုင်ငံတစ်ဝန်းရှိ မှတ်ပုံတင်မရှိသူများအား ယာယီ ကဒ်ပြားများ ထုတ်ပေးခဲ့ရာ ယခုအခါ အဆိုပါယာယီကဒ်များအစားမှတ်ပုံတင်ကဒ်များ လဲလှယ်ထုတ်ပေးမည်ဟု သိရသည်။
ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲကာလအတွင်း ယာယီကဒ်ပြားနှင့် ခရီးသွားလက်မှတ်ပြုလုပ်သူများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထောက်ခံမဲပေးရန် အာဏာပိုင်များ၏ ဖိအားပေးခြင်းခံခဲ့ရကြောင်း ဆိုကြသည်။
လာမည့်ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် ဗိုလ်ချုပ် လွန်းမောင် တို့သည် ဗန်းမော်သို့ မကြာခဏလာရောက်စည်းရုံးရေးဆင်းပြီး အခြားမည်သည့်နိုင်ငံရေးပါတီမှ လှုပ်ရှားနိုင်ခြင်း မရှိကြောင်း သိရသည်။
“ရွေးကောက်ပွဲအတွက် ဗန်းမော်နယ်မှာ ကြံ့ဖွံ့ပါတီကလွဲလို့ ဘယ်ပါတီမှလှုပ်ရှားတာမရှိဘူး။ မဲထည့်ဖို့ကိစ္စကို ၀န်ကြီးချုပ် သိန်းစိန်နဲ့ ဗိုလ်ချုပ်လွန်းမောင်ကိုယ်တိုင် ရွာစဉ်အလိုက် လာစည်းရုံးတယ်၊ သူတို့ပေးတဲ့ ဥပမာက လိမ္မာတဲ့သားနဲ့ ဆိုးမိုက် တဲ့သားဆိုရင် ဘယ်သူ့ကိုအမွေပေးမလဲပေါ့၊ မဲထည့်တဲ့နေရာမှာလည်း လူရွေးမမှားကြဖို့ ကြံ့ဖွံ့ကိုမဲထည့်ဖို့ပြောပြီး စည်းရုံးတယ်” ဟု နောက်ထပ်ဒေသခံတစ်ဦးကဆိုသည်။
၎င်းတို့က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအလိုက် လူစုစေပြီး ဟောပြောစည်းရုံးပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်ပြောကြားမှုများရှိကြောင်း သိရသည်။