ရွေးကောက်ပွဲ အကြိုကာလ စီးပွားရေးလုပ်ငန်း တိုးချဲ့ခြင်း မရှိ

ရွေးကောက်ပွဲ အကြိုကာလ စီးပွားရေးလုပ်ငန်း တိုးချဲ့ခြင်း မရှိ

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေး အနေအထားကို စောင့်ကြည့်နေသောကြောင့် လက်ရှိကာလတွင် စီးပွားရေး လုပ်ငန်းများ ထပ်မံတိုးချဲ့ခြင်း မရှိကြောင်း ...

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေး အနေအထားကို စောင့်ကြည့်နေသောကြောင့် လက်ရှိကာလတွင် စီးပွားရေး လုပ်ငန်းများ ထပ်မံတိုးချဲ့ခြင်း မရှိကြောင်း တရုတ် - မြန်မာ နယ်စပ်ကုန်သည် အသိုင်းအဝိုင်းက သိရသည်။

ရွေးကောက်ပွဲအပြီး နောင်တက်လာမည့် အစိုးရလက်ထက်တွင် လက်ရှိ တင်းကြပ်နေသည့် အခြေအနေထက် အခွင့်အလမ်းများ ပိုမိုလမ်းပွင့်လာရန် မျှော်လင့်ကြောင်း နယ်စပ်ကုန်သည်ကြီး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အခုလက်ရှိ စီးပွားရေး အခြေအနေကတော့ လက်ငုတ်လက်ရင်း လုပ်ငန်းတွေတော့ ပုံမှန်လည်ပတ်နေတာပေါ့။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံတာတို့ စီးပွားရေး တိုးချဲ့တာတွေတော့ သိပ်မလုပ်ကြဘူး။ ဒါလည်း ၂၀၁၀ ရွေးကောက်ပွဲအပြီး ဖြစ်လာမဲ့ အနေအထားကို စောင့်ကြည့်နေတာပါ” ဟု သူက ဆိုသည်။

စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ရွေးကောက်ပွဲတွင် လွတ်တော်ကိုယ်စားလှယ် အမတ်လောင်းနေရာအတွက် ၀င်ရောက် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက် မရှိပဲ ရွေးကောက်ပွဲအပြီး နောင်တက်လာမည့် အစိုးရ လက်ထက် စီးပွားရေး အခွင့်အလမ်းများ လမ်းပွင့်ရန်သာ မျှော်လင့်သည်ဟု ဆိုသည်။

ယခုကာလတွင် ငွေလုံးငွေရင်း စိုက်ထုတ်၍ လုပ်ငန်းတိုးချဲ့ခြင်း မရှိသည့် နောက်အကြောင်းအရင်း တစ်ခုမှာ လက်ရှိ ပြည်တွင်း စျေးကွက်တွင် အရောင်းအဝယ်များ အေးနေသောကြောင့် ဖြစ်ကြောင်း သိရသည်။

ပြည်ပသွင်းကုန်/ထုတ်ကုန်များ ကြန့်ကြာမှု ရှိကြောင်း နောက်ထပ်ကုန်သည် တစ်ဦးက  ပြောရာတွင် “TC လိုင်စင်တစ်စောင် ကျဖို့ဆိုရင် အရင်ထက် တစ်ပတ်လောက် ပိုကြာတယ်။ EISC လိုင်စင်ကတော့ အရင်တုန်းက တစ်ပတ်လောက် ကြာတယ်။ အခု ၂ ပတ်လောက် ကြာတယ်။ ဒီကိစ္စတွေမှာလည်း အခုထိ မရှင်းနိူင်တဲ့ ပြဿနာတွေပေါ့ဗျာ” ဟု ဆိုသည်။

ရွေးကောက်ပွဲအပြီး နောက်ပိုင်းကာလ စီးပွားရေး တံခါးဖွင့်မဖွင့် မသေချာသော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံမှု ပမာဏ ၃ ဆခန့် လျှော့နည်းကျဆင်းနေကြောင်း နအဖ အစိုးရက ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် အမေကန်ဒေါ်လာတန်ဖိုးနှင့် ပို့ကုန်ရရှိငွေတန်ဖိုး မကြံုဖူးအောင် ကျဆင်းနေမှုကြောင့် ကမ္ဘာစျေးကွက်သို့ မြန်မာ့ဆန်တင်ပို့ရာတွင် ယခု ဘဏ္ဍာနှစ် ပထမ ၃ လအတွင်း ဆန်တင်ပို့မှု ပမာဏသည် ယခင် ဘဏ္ဍာနှစ် ၃ လအတွင်း တင်ပို့မှုထက် ၅ ပုံ ၁ ပုံအထိ ကျဆင်းခဲ့ကြောင်း မြန်မာတိုင်းမ်ဂျာနယ်တွင် ဖေါ်ပြထားသည်။

Most read this week