သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်ရှိကျေးလက်ဒေသများသို့ ကွန်ဟိန်းကြံ့ဖွံ့ပါတီစည်းရုံးရေးဆင်းစဉ် အခြား ပါတီများအား ရှုံ့ချပြီး ကဲ့ရဲ့ပြောဆို စည်းရုံးကြောင်း ကြားသိရပါသည်။
ဂျူလိုင်လဆန်းပိုင်းမှစ၍ ကွန်ဟိန်းကြံ့ဖွံ့ပါတီက ကျိုင်းခမ်း၊ ၀မ့်လောဝ်း၊ ဆိုင်းခေါ၀်၊ ကျိုင်းလွန်းနှင့် လိုင်းကမ် ကျေးရွာအုပ်စုများသို့ စည်းရုံးရေး ဆင်းစဉ် ထိုကဲ့သို့ပြောဆိုစည်းရုံးကြောင်း ကွန်ဟိန်းဒေသခံတစ်ဦးက ပြောပြပါသည်။
“ကြံ့ဖွတ်ပါတီဘဲ ဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်ထူထောင်ရာမှာ လက်တွေ့စွမ်းဆောင်နိုင်တယ်။ လူအား ငွေအား မပြည့်စုံတဲ့ တခြားပါတီတွေ သူတို့လို မစွမ်းဆောင်နိုင်ဘူး။ နိုင်ငံရေးအတွေ့အကြံုလဲမရှိ၊ စွမ်းရည်လဲမရှိ စကားကြီးစကားကျယ် တွေနဲ့လေလုံးထွားနေတာ”
ကြံ့ဖွံ့ပါတီသာလျှင် ပြည်သူ၏ဒုက္ခအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ပြီး အန္တရာယ်အပေါင်းမှ ကာကွယ်ပေးနိုင် မည်ဖြစ်ကြောင်း၊ ကြံ့ဖွံ့ ပါတီသာလျှင် မှီခိုအားထားရာဖြစ်သည်ဟုပြောဆိုကြောင်း ၎င်းကဆက်လက်ပြောပြပါသည်။
ကြံ့ဖွံ့ပါတီသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေစစ်အုပ်စု ကျောထောက်နောက်ခံပြုထား၍ လူအား/ငွေအား/အာဏာ အရှိဆုံးပါတီဖြစ်ပြီး တပြည်လုံး အတိုင်းအတာဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အခြားပါတီများ သွားရောက်နိုင် ခြင်းမရှိသေးသည့် ဒေသများတွင် ကြံ့ဖွံ့ပါတီ မဲဆွယ် စည်ရုံးလှုပ်ရှားလျက်ရှိသည်။
“ထုံးစံအတိုင်းပေါ့ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီကိုဘဲမဲပေးဖို့၊ တခြားပါတီတွေကိုမဲမပေးဖို့ချော့တခါ ခြောက်တလှည့် စည်းရုံးတယ်” ဟု ဒေသခံ ရွာသား တစ်ဦးက ပြောပါသည်။
ဦးဆောင်စည်းရုံးရေးဆင်းသူမှာ ကျိုင်းလွန်းမှကွန်ဟိန်းသို့ ကြာမြင့်စွာလာရောက်ပြောင်းရွှေ့နေထိုင်ခဲ့သူ အသက် ၄၅ နှစ်ရှိ ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး စိုင်းနုနှင့်အဖွဲ့သားများဖြစ်ကြောင်းသိရှိရသည်။