မြန်မာကုန်သည်များအား ကူမင်းကျောက်မျက်ပွဲ တက်ခွင့်ပြု

မြန်မာကုန်သည်များအား ကူမင်းကျောက်မျက်ပွဲ တက်ခွင့်ပြု
တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်းမြို့၌ ဇူလိုင် ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ နိုင်ငံများအား ဖိတ်ခေါ်သည့် ကျောက်မျက်ရတနာပြပွဲသို့ တရုတ်နယ်စပ်ရှိ မြန်မာကျောက်ကုန်သည်များအား တက်ရောက်ခွင့်ပြု...

တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်းမြို့၌ ဇူလိုင် ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ နိုင်ငံများအား ဖိတ်ခေါ်သည့် ကျောက်မျက်ရတနာပြပွဲသို့ တရုတ်နယ်စပ်ရှိ မြန်မာကျောက်ကုန်သည်များအား တက်ရောက်ခွင့်ပြု ကြောင်း သိရသည်။

၂၀၀၃ မှစ၍ နှစ်စဉ်ပုံမှန်ကျင်းပခဲ့သည့် ကူမင်းကျောက်မျက်ပြပွဲသို့ တရုတ်နယ်စပ်ရောက် မြန်မာကုန်သည်များအား ၂၀၀၉ မှစ၍ တရုတ်အစိုးရက ပထမဆုံးအကြိမ် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ထပ်မံခွင့်ပြုခြင်းဖြစ်သည်။

“မြန်မာကျောက်ကုန်သည်တွေကို ကြေငြာချက်ထုတ်ပြီး ဖိတ်ကြားထားပါတယ်၊ ကျောက်မျက်သွားပြချင်တဲ့သူတွေ ပြမယ် ဆိုရင် စာရင်းပေးသွင်းဖို့ကို ဖိတ်ထားပါတယ်” ဟု တရုတ်နယ်စပ်ရွှေလီရောက် မြန်မာကုန်သည်တစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည်။

ယခုကျောက်မျက်ပွဲအား ယူနန်ပြည်နယ်အစိုးရမှ  ကြီးမှူးကျင်းပခြင်းဖြစ်ပြီး တရုတ်အစိုးရသည် တရုတ်ပြည် ဥပဒေ နှင့် အညီနေထိုင်သည့် မြန်မာကုန်သည်များအပေါ် ပံ့ပိုးကူညီသည့် အနေဖြင့် ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။

နယ်စပ်ရောက် မြန်မာကုန်သည်အများစု ယခုပွဲသို့ တက်ရောက်ရန် ပြင်ဆင်နေပြီး မကြာမီရက်အတွင်း ကူမင်းမြို့သို့ ထွက်ခွာရန် ရှိကြောင်း ကျောက်ကုန်သည် အသိုင်းအဝိုင်းက ပြောသည်။

လွန်ခဲ့သည့်နှစ် ပြပွဲတွင် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ကုမ္ပဏီများမှကျောက်ကုန်သည် ၂၀ ကျော်ခန့်  လာရောက်ပြသခဲ့ကြောင်း သိရသည်။

Most read this week