ရွေးကောက်ပွဲ ကျင်းပရက်အပေါ် ခန့်မှန်းချက် အမျိုးမျိုးပေါ်ထွက်

ရွေးကောက်ပွဲ ကျင်းပရက်အပေါ် ခန့်မှန်းချက် အမျိုးမျိုးပေါ်ထွက်
နအဖစစ်အုပ်စုက ၂၀၁၀ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောကြားထားပြီး ယခုနှစ်ဝက်ကျိုး လာ သည့်တိုင် တရားဝင် ကျင်းပမည့်ရက် ကြေငြာခြင်း မရှိသေးချိန်တွင် ရွေးကောက်ပွဲ ကျင်းပရက်အပေါ် ခန့်မှန်းပြောဆိုမှု အမျိုးမျိုး ထွက်ပေါ်...

နအဖစစ်အုပ်စုက ၂၀၁၀ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောကြားထားပြီး ယခုနှစ်ဝက်ကျိုး လာ သည့်တိုင် တရားဝင် ကျင်းပမည့်ရက် ကြေငြာခြင်းမရှိသေးချိန်တွင် ရွေးကောက်ပွဲ ကျင်းပရက်အပေါ် ခန့်မှန်းပြောဆိုမှု အမျိုးမျိုး ထွက်ပေါ်နေသည်။

လွန်ခဲ့သည့် ဇွန်လအတွင်း ရွေးကောက်ပွဲကျင်းပရက် တရားဝင်ထုတ်ပြန်ဖွယ်ရှိကြောင်း သျှမ်းပြည် ကော်မရှင်အဖွဲ့ခွဲ အ သိုင်းအဝိုင်းက ခန့်မှန်းပြောဆိုမှုများရှိခဲ့သည်။

“ဇွန်လပိုင်းမှာ ရွေးကောက်ပွဲကျင်းပရက် တရားဝင်ကြေငြာမယ်ဆိုပြီး ကော်မရှင်အဖွဲ့ခွဲမှာတော့ ပြောဆိုတာတွေရှိတယ် ဒါ ပေမဲ့ ထွက်မလာခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ် ၁၀ လပိုင်း ၁၀ ရက်နေ့မှာ ကျင်းပမယ်လို့တော့ ခန့်မှန်းတယ် ” ဟု သျှမ်းပြည် ကော်မရှင်အဖွဲ့ခွဲနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဇွန်လဆန်းပိုင်းက မြန်မာပြည် ခရီးစဉ်ဖျက်သိမ်းလိုက်သည့် အမေရိကန်အထက်လွတ်တော်အမတ် ဂျင်ဝက်(Jim Webb) က လည်း အောက်တိုဘာလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောကြားလိုက်သေးသည်။

အဆိုပါပြောကြားချက် ခိုင်လုံမှု ရှိမရှိ မသိရသော်လည်း အချို့က နအဖထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဗေဒင်ယတြာ အယူအဆကိန်းဂဏန်းများအရ ယခုခန့်မှန်းချက်များ မှန်ကန်ဖွယ်ရှိကြောင်း သုံးသပ်ကြသည်။

“ဗိုလ်သန်းရွှေတိုင်းပြည်အုပ်ချုပ်နေတာ အရူးကွက်နဲ့အုပ်ချုပ်နေတာဗျ။ ဗေဒင်အရ ဗိုလ်သန်းရွှေရဲ့ ဂဏန်းတွေက ဘူ ဂဏန်းတွေဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကျင်းပတာလည်း ဘူဂဏန်းကျတဲ့ရက်တွေကို ရွေးမယ် ထင်တယ်” ဟု နှံ့စပ်သူ သျှမ်းပြည်သားတစ်ဦးက ဆိုသည်။

အမေရိကန်နိုင်ငံသား ယက်တော ရေကူးဝင်ရောက်လာသည့် အမှုဖြင့် နေအိမ်အကျယ်ချုပ်ချ ခံထားရသူ မြန်မာ့ ဒီမိုကရေ စီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်  လာမည့်နိုဝင်ဘာလတွင် အကျယ်ချုပ် သက်တမ်းကုန်ဆုံး၍ ပြန်လွတ်ဖွယ် ရှိရာ သူမမလွတ်ခင် ရွေးကောက်ပွဲပြီးစီးအောင် ကျင်းပဖွယ်ရှိသည်ဟု နိုင်ငံရေး အကဲခတ်များက ခန့်မှန်းကြသည်။

မြန်မာစစ်အာဏာရှင်များ၏ လုပ်ဟန်များအရ ပြည်သူလူထုအာရုံ အပြောင်းအလဲအလိုက် ၄င်းတို့ပြုလုပ်စီမံမည့် အချိန် အခါကို ရွေးချယ်တတ်ကြကြောင်း သိရသည်။

မည်သို့ဆိုစေကာမူ ယခုနှစ် နိုဝင်ဘာလ၌ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာဖွယ်ရှိရာ  သူမလွတ်မြောက်ချိန်နှင့် တစ်ပြိုင်နက်တည်း ရွေးကောက်ပွဲ ကျင်းပဖွယ် ရှိကြောင်း ယူဆသူများရှိသည် ။

ဇွန် ၂၉ ရက်က နအဖ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် သျှမ်းပြည်(မြောက်ပိုင်း) လားရှိုးနှင့် သိန္နီမြို့များသို့ ရောက်ရှိခဲ့ပြီး မြို့နယ် ရပ်ကွက်နှင့် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံခဲ့ကြောင်း နအဖ အာဘော် သတင်းစာက ဖေါ်ပြသည်။

ရွေးကောက်ပွဲဆိုင်ရာနှင့် စပ်လျဉ်းသည့်လုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်း သိရပြီး မကြာမီ ရွေးကောက်ပွဲ ကျင်းပမည့် ရက် အတိအကျ ထုတ်ပြန်လိမ့်မည်ဟု မျှော်လင့် သူများလည်း ရှိသည်။

Most read this week