တရုတ်နယ်စပ် မြန်မာရဲကင်းကို ရွာသားများ တိုက်ခိုက်

တရုတ်နယ်စပ် မြန်မာရဲကင်းကို ရွာသားများ တိုက်ခိုက်
တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးရွာ အနီးရှိ  မြန်မာရဲကင်းအား ယနေ့နံနက်ပိုင်းက တရုတ်ရွာသားများ တိုက်ခိုက်ခဲ့ရာ အဆိုပါ စခန်းမှ စစ်ဘက်ရေးရာလုံခြံုရေး အဖွဲ့ (စရဖ) ပိုင် ကားတစ်စီး ပျက်စီးသွားကြောင်း သိရ...

တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးရွာ အနီးရှိ  မြန်မာရဲကင်းအား ယနေ့နံနက်ပိုင်းက တရုတ်ရွာသားများ တိုက်ခိုက်ခဲ့ရာ အဆိုပါ စခန်းမှ စစ်ဘက်ရေးရာလုံခြံုရေး အဖွဲ့ (စရဖ) ပိုင် ကားတစ်စီး ပျက်စီးသွားကြောင်း သိရသည်။

မြန်မာဘက်ခြမ်းမှ စပါးဝယ်ပြန်လာသည့် တရုတ်ရွာသားများပိုင် ထော်လာဂျီ ၁၆ စီး ယမန်နေ့ နံနက် ၈ နာရီခန့်က  အဆိုပါ ရဲကင်းတွင် ဖမ်းဆီးထားရာ ပြန်လည် လွတ်ပေးခြင်း မရှိသည့်အတွက်  ပြဿနာစတင်ခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည်သား သျှမ်းလယ်သမားများက အဖမ်းခံထားရသည့် ထော်လာဂျီနှင့်စပါးများ ပြန်လည်ရယူရန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ သျှမ်းရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မန်ဝိန်းကြီးဘက်မှာ စပါးဝယ်ပြီး ပြန်လာတဲ့ ထော်လာဂျီ ၁၆ စီး ကို မနေ့မနက်က နမ့်ဝမ်းတံတား လုံခြံုရေးရဲကင်းမှာ မန်ဝိန်းကြီး စရဖက ဖမ်းထားတာ ည ၁၂ နာရီ အထိပေါ့။ ဒီဘက်( တရုတ်) ကကုန်သယ်တွေ သွားညှိတာ လွတ်မပေးဘူး၊ ဒီ မနက် တရုတ်ဘက်က သျှမ်းလယ်သမားတွေစုပြီး ရဲကင်းကို ၀င်စီးတယ် ” ဟု သူက ပြောသည်။  

အခင်းဖြစ်ပွားစဉ် မန်ဝိန်းကြီး စရဖ တပ်ဖွဲ့တွင် သေနတ်ရှိသော်လည်း ပြန်လည်ပစ်ခတ်ခြင်းမရှိပဲ သျှမ်းရွာသားများက ၄င်းတို့ပိုင်ထော်လာဂျီများ ပြန်လည်ရယူခဲ့ကြောင်း သိရသည်။

“ရဲတွေကလဲ အခုလို စရဖ ဖမ်းတဲ့ ကိစ္စကို မကြိုက်ကြဘူး၊ စရဖနဲ့မတည့်တဲ့ ရဲတွေကိုယ်တိုင် စရဖ ကားကို ၀င်ပြီးဝိုင်းရိုက် ကူတယ်” ဟု သူက ဆိုသည်။

ယခုပြဿနာ ဖြစ်ပွားပြီးနောက် ထော်လာဂျီဖမ်းဆီးခဲ့သည့် စရဖ တာဝန်ခံမှာ မန်ဝိန်းကြီးဘက် ထွက်ခွာသွားပြီး ပြဿနာ ဖြေရှင်းရန် သျှမ်းရွာသားများ စောင့်ဆိုင်း နေသော်လည်း မြန်မာဘက်မှ တာဝန်ယူဖြေရှင်းမည့်သူ မရောက်လာသေး ကြောင်း သိရသည်။

အဆိုပါ ရဲကင်းစခန်းသည်  နှစ်နိုင်ငံနယ်စပ်မျဉ်းအနီး တရုတ်ဘက်ခြမ်း ကုန်းခမ်းရွာနှင့် မြန်မာဘက်ခြမ်း နမ့်ဝမ်းရွာ ဆက် သွယ်ထားသော တံတားအနီးတွင် တည်ရှိ သည်။

Most read this week