ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ၀ ဌာနချုပ်မြို့တော် ပန်ဆန်း၌ ၅ ကြိမ်မြောက် မူးယစ်ဆေး မီးရှို့ဖျက်ဆီးပွဲ ကျင်းပရာ ဧည့်သည်တော်နှင့် ပရိတ်သတ် ထောင်ချီတက်ရောက်သော်လည်း ဖိတ်ကြားထားသည့် နအဖအာဏာပိုင်များ တက်ရောက်ခြင်း မရှိကြောင်း စုံစမ်းသိရှိရပါသည်။
“မူးယစ်ဆေး မီးရှို့ပွဲက ၀ ပြည်နယ် မြို့ကြီး ၄ ခုမှာ လုပ်တယ်၊ ပန်ဆန်းဌာနချုပ်မှာ အကြီးကျယ်ဆုံး၊ တရုတ်အာဏာပိုင်တွေ သတင်းမီဒီယာတွေ အများအပြား တက်ရောက်တယ်။ နအဖဘက်ကတော့ မတွေ့ရဘူး”- ဟု အခမ်းအနား တက်ရောက်သူ ဒေသခံတဦးက ပြောပါသည်။
ဇွန် ၂၆ ရက် မနက် ရး၁၅ မှ ၉း၃၀ အထိ ကျင်းပသော ၅ ကြိမ်မြောက် ၀ နယ် မူးယစ် မီးရှို့ပွဲ အခမ်းအနား၌ ဒုဥက္ကဌ ကျောက်ဝင်ကွမ်းက အဖွင့်အမှာစကားနှင့် မူးယစ်မီးရှို့ဖျက်ဆီးပွဲ ပြုလုပ်ရခြင်း အကြောင်းပြောကြားပြီးနောက် နယ်စပ် တရုတ်အာဏာပိုင်တဦးက ပုံထားသော မူးယစ်ဆေးများနှင့် အထောက်အကူပြု ကုန်ကြမ်းများကို မီးရှို့ဖျက်ဆီးကြောင်း ကြားသိရပါသည်။
မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲသို့ ၀ ပြည်သွေးစည်းရေးပါတီ ဒုဥက္ကဌ ရှောက်မင်လျံ၊ ဒုဥက္ကဌ ကျောက်ဝင်ကွမ်း၊ ဒုစစ်ဦးစီးချုပ် ကျောက်ကြံုးတန်း၊ စီးပွားရေး တာဝန်ခံ/ ဘဏ္ဍာရေးမှူး ပေါက်ယိုလျန်နှင့် အခြားခေါင်းဆောင်များ တက်ရောက်ကြ၏။
ထို့ပြင် တရုတ်ပြည် မိုင်းလျဲမ်း၊ လန်ချန်း၊ ချန်းယွန်၊ ချင်းရုန့်မြို့နယ်များမှ တရုတ်အာဏာပိုင်များ၊ တရုတ်သတင်း မီဒီယာများ အပါအဝင် ပရိတ်သတ် ၂၀၀၀ ကျော် တက်ရောက်ကြ၏။
သို့သော် ဖိတ်ကြားထားသည့် လားရှိုးနှင့် တြိဂံတိုင်း အခြေစိုက် နအဖ အာဏာပိုင်များမှာမူ တက်ရောက်ခြင်း မရှိဟုလည်း သိရ၏။
“အရင်တုန်းကဆို စစ်တိုင်းမှူးတွေ မတက်ရင်တောင် စစ်ဗျူဟာမှူးတွေ တက်သေးတယ်။ အခုက လားရှိုးကော၊ တန့်ယန်းကကော တယောက်မှ ရောက်မလာဘူး။ နအဖ စစ်အုပ်စုက ၀ တွေရဲ့ လုပ်ရပ်ကို အသိအမှတ် မပြုဘူး။ ဆိုတဲ့သဘော” ဟု ပန်ဆန်းရောက် လေ့လာသူ/ခရီးသွားတဦးက ပြောပါသည်။
ယခုနှစ် မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများမှာ ယာဘဆေးပြား ၁ သန်းကျော်၊ ဘိန်းမဲ ၁၀ ပိဿာ၊ ဘိန်းဖြူ ၂၀ ကီလို ကျော်၊ ဘိန်းဆီ ၁ ကီလိုကျော်၊ ဓါတုဆေးရည် ၁ ကီလိုနှင့် မူးယစ်ဆေးဝါး ပြုလုပ်ရာတွင် အသုံးပြုသည့် ဆိုင်ရာပစ္စည်း အများအပြားတို့ ဖြစ်သည်ဟုလည်း သိရ၏။
UWSP/UWSA ဒုဥက္ကဌ ကျောက်ဝင်ကွမ်း၏ အဖွင့်အမှာစကားတွင် ‘၀ နယ်တွင် ၂၀၀၅ ခုနှစ်ကတည်းက မူးယစ်ကင်းစင်နယ်အဖြစ် သတ်မှတ်ပြီး ဖြစ်သောကြောင့်၊ ကင်းစင်နယ်မြေအဖြစ် အကောင်အထည် ဖော်ဆောင်မှု အောင်မြင်စေရန် အကူအညီ ပေးခဲ့သည့် တရုတ်ပြည်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် UN, NGO တို့အား အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
၂၀၀၉-၂၀၁၀ အတွင်း မူးယစ်ဆေးဝါး အမှုဖြင့် ဖမ်းဆီးထားသူဦးရေ ၁၀၀ ကျော်ကြောင်း၊ ၀ နယ်တည်ဆဲ ဥပဒေအရ မူးယစ်မှုဖြင့် သေဒဏ်စီရင်ခြင်း မရှိကြောင်း ၀ အာဏာပိုင်တဦးက ပြောပါသည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/92-2008-08-03-06-48-2...