မြန်မာနိုင်ငံသား စိစစ်ရေးကဒ်မရှိလည်း ယာယီနိုင်ငံကူး လက်မှတ်လုပ်ရန်လွယ်ကူ

မြန်မာနိုင်ငံသား စိစစ်ရေးကဒ်မရှိလည်း ယာယီနိုင်ငံကူး လက်မှတ်လုပ်ရန်လွယ်ကူ
ရွှေ့ပြောင်းအလုပ်သမားများ နအဖ ထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသော်လည်း  မြန်မာ နှင့် ထိုင်းအစိုးရ ပူးပေါင်းအကောင်အထည်ဖေါ်သည့် ယာယီ နိုင်ငံကူး လက်မှတ် လုပ်ရန်အခက်အခဲမရှိကြောင်း သျှမ်းရွှေ့ပြောင်းအလုပ် သမားတဦးက ပြော...

ရွှေ့ပြောင်းအလုပ်သမားများ နအဖ ထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသော်လည်း  မြန်မာ နှင့် ထိုင်းအစိုးရ ပူးပေါင်းအကောင်အထည်ဖေါ်သည့် ယာယီ နိုင်ငံကူး လက်မှတ် လုပ်ရန်အခက်အခဲမရှိကြောင်း သျှမ်းရွှေ့ပြောင်းအလုပ် သမားတဦးက ပြောပါသည်။

“မနေ့က တာချီလိတ်မှာ ကျနော်တို့ ယာယီနိုင်ငံကူးလက်မှတ်သွားလုပ်ကြတယ်၊ မှတ်ပုံတင်မရှိလဲ ရတယ်၊ အကုန် အကျ တော့များတယ်၊ အားလုံးအပြီးအစီး ၆၅၃၅ ဘတ်။ ကျနော်တို့လို ကျဘမ်းအလုပ်သမားအတွက် မနည်းဘူးလေဗျာ။ ” - ယမန်နေ့က တာချီလိတ်သို့ ယာယီနိုင်ငံကူးလက်မှတ်ပြန်လုပ်သူတဦးက ပြောပါသည်။

ယာယီနိုင်ငံကူးလက်မှတ်စီမံကိန်းတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသူများ၏ အနာဂတ်အတွက် စိုးရိမ်ရသော်လည်း   ထိုင်းနိုင်ငံ ချင်းမိုင်မှ နေ့ချင်းပြန် သွားလုပ် နိုင်ကြောင်း ပြောပြပါသည်။

“ကျနော်တို့ကို ထိုင်းကပွဲစားတွေကခေါ်သွားတာလေ။ သူတို့အကျိုးဆောင်မလုပ်ပေးရင်ဘယ်လွယ်မလဲ။ ဗမာ ဘက်ခြမ်းက ပွဲစားတွေနဲ့ ထိုင်းဘက်ခြမ်းက ပွဲစားတွေ ပူးပေါင်းပြီးလုပ်တာ။ ကုန်ကျစရိတ်တော့များတယ်။ ယာ ယီနိုင်ငံကူးလက်မှတ်လုပ်ပြီးခြင်း ၂၄ နာရီအတွင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးကိုအကြောင်းကြားရတယ်။ ထိုင်း အလုပ်သမားဌာနကိုတော့ အလုပ်ရှင်နဲ့အတူသွားရင် ပိုလွယ်တယ်။” - ဟု ဆက်ပြော၏။

ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန်  မှတ်ပုံတင်မရှိသူများအတွက် မိဘဘိုးဘွားနာမည် ခုနှစ်ဆက်ပြောပြရကြောင်း၊ ဘီ၊ ဘင်တို့၏ နာမည်မသိသူများအတွက် စိတ် အနှောင့်အယှက် ဖြစ်မိကြောင်း၊ သို့သော်တရက်တည်းဖြင့် အပြီး လုပ်နိုင်သဖြင့် ထင်သလောက်ပင်ပန်းခြင်းမရှိကြောင်းပြောပါသည်။

တရားဝင်အလုပ်သမားဖြစ်ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းသည့်စီမံကိန်းတွင် (လက်ရှိပေါက်စျေးအရ) ယာယီနိုင်ငံကူးလက်မှတ် (ထိုင်းအကျိုးဆောင် ကုမ္ပဏီထံ ပေးရသည့်ငွေ) ဘတ်ငွေ ၄၆၅၀၊ ထိုင်းအလုပ်သမား ရေးရာဌန ဘတ်ငွေ ၁၄၅၀၊ မှတ်ပုံတင်ကြေး (မြန်မာမှတ်ပုံတင်မရှိသည့်သူ) ဘတ် ၃၇၀၊ စာအုပ် (ယာယီနိုင်ငံ ကူးလက်မှတ်) ကြေး ၆၅ ဘတ်၊ စုစုပေါင်း ၆၅၃၅ ဘတ် ကုန်ကျ ကြောင်းသိရပါသည်။

“အနာဂတ် ဘယ်လိုဖြစ်လာမလဲတော့မသိဘူး၊ မြန်မာဘက်က အလုပ်သမားတွေရဲ့ ၀င်ငွေခွန် ထပ်ကောက်ဦး မလား မသိဘူး၊  ဒါပေမယ့် ယာဉ်မောင်းလိုင်စင်တွေ၊ မော်တော်ယာဉ်ပိုင်ဆိုင်တဲ့အခွင့်အရေးတွေရတယ်ဆိုတော့ မဆိုးဘူးပေါ့၊”- ဟု ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ ဆောက်လုပ်ရေးအလုပ်သမား ကျိုင်းတုံသား စိုင်းလုံကျောက် ကပြောပါသည်။

“အရင်က ကျနော်တို့ ထိုင်းထဲကို ခိုးဝင်အလုပ်လုပ်တဲ့သူခိုးတွေ၊ အခုတော့ကိုယ်ပိုင်နံပါတ်တွေနဲ့ တရားဝင်နယ် စပ်ဂိတ်ကို ခေါင်းမော့ရင်ကော့ပြီးဖြတ်သန်းတယ်။ ထိုင်းထဲမှာလည်း ဘယ်သူကိုကြောက်စရာမလိုတော့ဘူး၊ ဥပဒေနဲ့ လွတ်ကင်းရင်ပြောတာနော်” - ဟု သျှမ်းပြည်သား ကရင်အမျိုးသားတဦးကလည်း သျှမ်းသံတော်ဆင့် သို့ပြောပြပါသည်။

ထိုင်း - မြန်မာပူးပေါင်းအကောင်အထည်ဖေါ်သည့် စီမံကိန်း၌ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတိုင်း ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်သုံးနှစ်ဆက်တိုက် ရရှိမည်ဖြစ်ပြီး၊ သတ်မှတ်ချိန်ပြည့်လွန်ပါက မိမိနေရပ်/ တိုင်းပြည် သို့ သုံးနှစ်ပြန်နေရမည်ဖြစ်သည်။

ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန်အတွက် နအဖက တာချီလိတ်၊ မြဝတီ၊ ကော့သောင်းမြို့တို့တွင် ရုံးဖွင့်လှစ် ပေးထားပြီး တရက်လျှင် အလုပ်သမား ၂၀၀ ခန့် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးလျက်ရှိသည်။ ထိုင်းနိုင်ငံ အတွင်း မြန်မာအလုပ် သမား ၁.၁ သန်း တရားဝင်အလုပ်လုပ်နိုင်ရေးအတွက် - ၂၀၁၂ ခုနှစ်အထိ စီမံကိန်းချလုပ်ဆောင်ပေးသွားမည် ဟု သိရသည်။

Most read this week