မိုးဦးကျကာလ ငါးရစ်တက်ချိန်၌ ဧရာဝတီမြစ်အတွင်း ငါးဖမ်းခြင်းအပေါ် တားမြစ်မှုကို အာဏာပိုင်များက ယခုတစ်ပတ် အတွင်း စတင်လုပ်ဆောင် နေကြောင်း သိရသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိ ကျေးရွာများအတွင်း ယခုကာလ ငါးဖမ်းခြင်းကို တားမြစ် သည့် အနေဖြင့် စက်လှေပေါ်မှတဆင့် အသံချဲ့စက်ဖြင့် ကြေငြာနေခြင်း ဖြစ်ကြောင်း ဗန်းမော်မြို့ အောက်ဘက်ရှိ ကောင်းတုံရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“သူတို့က မြစ်ထဲမှာ စက်လှေမောင်းပြီး အသံချဲ့စက်နဲ့အော်သွားတာလေ ကြားလိုက်တာတော့ စည်းမဲ့ကမ်းမဲ့ ငါးဖမ်းတဲ့ အတွက် ငါးတွေမျိုးတုန်းရှားပါးလာပြီပေါ့ အခုအချိန်က ငါးရစ်တက်တဲ့အချိန်ဖြစ်တဲ့အတွက် ငါးမဖမ်းဖို့ပေါ့ ငါးဖမ်းတဲ့သူတွေ တွေ့ရင် ဥပဒေအရ အရေးယူသွားမယ်ဆိုပြီး ပြောသွားတာပဲ ” ဟု သူက ပြောသည်။
အလားတူ ဗန်းမော်မြို့အထက်ဘက် ဧရာဝတီမြစ်ဘေးရှိ ကျေးရွာအချို့တွင် ငါးရစ်တက်ချိန်ငါးဖမ်းခြင်းအား တားမြစ်ထား သည့် ဆိုင်းဘုတ်များ စိုက်ထူထားကြောင်း မျက်မြင် ဗန်းမော်မြို့ခံတစ်ဦးက ပြောသည်။
“စင့်ကင်ရွာမှာ ငါးရစ်တက်ချိန်ငါးမဖမ်းရဘူး ဖမ်းတာတွေ့ရင် တည်ဆဲ ဥပဒေအရ အရေးယူမယ်ဆိုတဲ့ ဆိုင်းဘုတ်ထောင် ထားတယ်” - ဟု မျက်မြင်တစ်ဦးက ပြောသည်။
ယခင်က ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိ အဆိုပါ ဒေသအတွင်း၌ ငါးရံ့ ငါးဖယ် ငါးသန် ငါးချောင်း စသည့် သဘာဝ ငါးမျိုးစိတ်များ အလုံအလောက် ထွက်ရှိ သော်လည်း ယခုအခါ သဘာဝငါးရှားပါးလာမှုကြောင့် မွေးမြူရေးငါးများကို အား ကိုး နေရကြောင်း စောစောက ကောင်းတုံရွာသားက ဆိုသည်။
“အရင်တုန်းကဆိုရင် မွေးမြူရေးငါးဆိုတာ မြင်တောင်မမြင်ဖူးဘူး မြစ်ထဲမှာ ဘယ်နေရာ ကွန်ချက်ချချ ပိုက်ပဲတန်းတန်း ဟင်းစားကတော့ရတယ် အခုက ရွာတွေကစ မွေးမြူရေး ငါးပဲစားနေရတာ (ပိဿာ) အချိန် ၅၀ လောက်ရှိတဲ့ ငါးထွေတို့ ငါးရွေးတို့ဆိုတာ မြင်တောင်မမြင်ဘူးတော့ဘူး ဒါအခုနှစ် ၂၀ ကျော်အတွင်း ပြောင်းလဲ သွားတာပဲ ” ဟု သူက ဆိုသည်။
ဧရာဝတီမြစ်အတွင်း ကျက်စားသည့် သဘာဝ ငါးမျိုးစိတ်များရှားပါးလာရခြင်းမှာ မြစ်အတွင်း အန္တရာယ်ရှိသည့် ဓါတ်ပစ္စည်း များ စွန့်ပစ်ခြင်း ၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲ လာမှုကြောင့် မြစ်ရေခန်းခြောက်ခြင်းနှင့် မြစ်ကြောင်း အနေအထား ပြောင်းလဲခြင်းကြောင့် ဖြစ်ကြောင်း ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
ဧရာဝတီမြစ်ညှာပိုင်းဖြစ်သည့် မေခနှင့် မလိခ မြစ်ဆုံအထက်ပိုင်းတွင် ရွေတူးဖေါ်မှုကြောင့် ရေနောက်ကျိလာသည့် အပြင် ရွေကျင်ရာတွင် အသုံးပြုသည့် ခဲသတ္တု၊ ပြဒါးစသည့် ပစ္စည်းများကို မြစ်အတွင်း စွန့်ပစ်ခြင်းကြောင့် သဘာဝငါးများ မျိုးတုန်းပျောက်ကွယ် လာရသည်ဟု ဆိုသည်။
၎င်းအပြင် မြန်မာပြည်အထက်ပိုင်းဒေသများတွင် သစ်များအဆမတန် ခုတ်လှဲမှုများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ဖေါက်ပြန်လာပြီး ရေစီးကြောင်း ပြောင်းလဲမှုများ ရေခန်းခြောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။