ခန္ဓာကိုယ်တွင်း ဟီးရိုးအင်းဝှက်၍ တရုတ်ပြည်ဝင်သည့် အမျိုးသမီးများ မိုင်းလားတပ်ဖွဲ့ဖမ်းမိ

ခန္ဓာကိုယ်တွင်း ဟီးရိုးအင်းဝှက်၍ တရုတ်ပြည်ဝင်သည့် အမျိုးသမီးများ မိုင်းလားတပ်ဖွဲ့ဖမ်းမိ
ခန္ဓာကိုယ်အတွင်း ဟီးရိုးအင်းဝှက်ထည့်ကာ တရုတ်ပြည်ထဲသို့ ခိုးဝင်သည့် အမျိုးသမီး အယောက် ၃၀ ထက် မနည်း ဖမ်းဆီးရမိကြောင်း မိုင်းလား မူးယစ် ရဲတပ်ဖွဲ့အသိုင်းအဝိုင်း ကပြော...

ခန္ဓာကိုယ်အတွင်း ဟီးရိုးအင်းဝှက်ထည့်ကာ တရုတ်ပြည်ထဲသို့ ခိုးဝင်သည့် အမျိုးသမီး အယောက် ၃၀ ထက် မနည်း ဖမ်းဆီးရမိကြောင်း မိုင်းလား မူးယစ် ရဲတပ်ဖွဲ့အသိုင်းအဝိုင်း ကပြောပါသည်။

“ဒီနှစ်ထဲမှာ အမျိုးသမီးအများစု ဘိန်းဖြူကို စအိုထဲ မွေးလမ်းကြောင်းထဲတွတ်ထည့်ပြီးတော့ တရုတ်ပြည်ထဲ မှောင်ခိုပို့ တယ်။ ယိုးဒယားလုပ်ကွန်ဒုံးထဲကို ဟီးရိုးအင်း ကီလိုဝက်ကနေ တကီလိုအထိထည့်နိုင်တယ်တဲ့”- ဟု အမည်မဖေါ်လိုသည့် မိုင်းလားရဲတပ်ဖွဲ့ အရာရှိငယ်တဦးကပြောပါသည်။

၂၀၁၀ ဖေဖေါ်ဝါရီမှစ၍ ယခုလဆန်းပိုင်းအထိ မိုင်းလားအထူးဒေသ ၄ မှ တဆင့် နယ်စပ်ဖြတ်ကျော်ပြီး တရုတ် ပြည်ထဲသို့ မူးယစ်မှောင်ခို ကုန်ကူးသည့် အမျိုးသမီး ၃၅ ယောက်ဖမ်းဆီးရမိကြောင်း၊ အများစုမှာ စအိုလမ်းကြောင်း မွေးလမ်း ကြောင်း ထဲ ဘိန်းဖြူလျှို့ဝှက်သယ်ဆောင်ကြကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောပါသည်။

၂၀၀၀ ပြည့်နှစ်မှစ၍ ယနေ့ထိ ဟီးရိုးအင်းခေါ် ဘိန်းဖြူမှောင်ခိုကူးသူများ နည်းလမ်းပေါင်းစုံ အသုံးပြုကာတရုတ် ပြည်သို့ သယ်ယူရောင်းချ နေသည်ဟု သျှမ်းပြည် မူးယစ် စောင့်ကြည့်ရေး အသိုင်းအဝိုင်းကပြောပါသည်။

“တရုတ်ပြည်ကို နိုင်ငံတကာက Black hole for Heroin  လို့ခေါ်ကြတယ်။ ဟီးရိုးအင်းတွေ ဘယ်လောက်များများ တရုတ်ပြည်ပို့တာ ဘယ်တော့မှမလောက်ဘူး။”- ဟုသျှမ်းပြည် မူးယစ်စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင်ဦးခွန်စိုင်း ကပြောပါသည်။

ဘိန်းဖြူ ခေါ် ဟီးရိုးအင်း

တရုတ်ပြည်ပို့မည့် ဟီးရိုးအင်းများကို ဖရဲသီးအတွင်းသို့လည်းကောင်း၊ မြစ်ချဉ်အိုးထဲလည်းကောင်း၊ သံတိုသံစများကြား နှင့်မီးသွေးအိပ်များကြား၊ ထိုမျှမက သစ်လုံး ကြီးများအား ထွင်းဖေါက်၍ထည့်ခြင်း၊ လက်ဖက်ခြောက်အိပ်အတွင်း ထည့်ခြင်းတို့အပြင် မွေးကင်းစကလေးငယ်များ၏ ၀မ်းပိုက်အတွင်းပါမကျန် လူ့ခန္ဓာကိုယ်အတွင်း သွတ်သွင်း၍ မှောင်ခိုကူးကြသည်ဟု ဆက်၍ပြောပြ၏။

“အထက်ဖေါ်ပြတဲ့နည်းလမ်းတွေသုံးလဲ အာဏာပိုင်တွေကသိတာဘဲ၊ ဒီနှစ်ထဲ ဟီးရိုးအင်းသယ်နည်းအသစ်ထပ်ရှိ နေပြီပြောတယ်၊ ဒါပေမယ့် ဖမ်းဆီးမှုမရှိသေးလို့ ပြောပြလို့မရဘူးလို့ အဲဒီအသိုင်းအဝိုင်းကပြောတယ်”

၂၀၀၈-၂၀၀၉ မူးယစ်မှောင်ခိုများသည် ချို့တဲ့သူများ၏ မွေးကင်းစကလေး တယောက် တရုတ်ငွေ ယွမ် ၅၀၀၀ - ၆၀၀၀ (ဒေါ်လာ ၁၀၀၀ ခန့်) ၀ယ်ယူကြပြီး ကလေး၏ရင်ကိုခွဲ၍ ဟီးရိုးအင်းထည့်ကာ မှောင်ခိုသယ်ကြောင်း၊ မပုတ်သိုးအောင် ဆေးထိုးထားသည့် ကလေးသူငယ်အလောင်းအား မူးယစ်မှောင်ခိုများက မိခင်သဖွယ် ယုယ ပွေ့ဖက်ပြီးခရီးထွက်ကြ ကြောင်း ဦးခွန်စိုင်းက ဆက်၍ပြောပြပါသည်။

Image: heroin

Caption: