နအဖ စစ်အုပ်စု၏ နျူကလီးယားစီမံကိန်းသတင်း ထုတ်ဖေါ်သူ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ ဇာတိ ကျောက်မဲမြို့၌စစ်ထောက် လှမ်းရေး အများအပြားတိုးချဲ့ချထားကြောင်း မြို့ခံများက ပြောပါသည်။
“အစတုန်းကတော့ စိုင်းသိန်းဝင်းသတင်းဘယ်သူမှ မသိဘူး၊ DVB နဲ့ အယ်လ်ဂျာဇီးယား ရုပ်သံသတင်းဌာန တို့ဆက်တိုက် ထုတ်လွင့်နေတော့ သတင်းကြီး ဖြစ်သွား တာ။ အဲဒီ့ကစပြီးတော့ပေါ့ ကျောက်မဲမှာ မြင်နေကျ ထောက်လှမ်းရေးတွေအပြင် ထောက်လှမ်းရေးလို့ယူဆရတဲ့တခြားမျက်နှာစိမ်းတွေလဲ အများအပြားရောက် လာတာ တွေ့ရတယ်” - ဟုကျောက်မဲမြို့ သားတဦးက ပြောပါသည်။
ယခင်အပတ်ကစ၍ နအဖ စစ်အုပ်စု၏ နျူကလီးယား စီမံကိန်းအကြောင်း နိုင်ငံခြားအခြေစိုက် သတင်းဌာနများ သို့ ဗိုလ်မှူးစိုင်းသိန်းဝင်း စတင်ဖွင့်ဟထုတ်ဖေါ်ခဲ့သည့် နောက်ပိုင်း မိခင်ဖြစ်သူအပါအဝင် အစ်ကို အစ်မများ အားလုံး စရဖက ခေါ်ယူစစ်ဆေးခဲ့သော်လည်း ဖမ်းဆီးချုပ်နှောင်ခြင်းမရှိဟု ရန်ကုန်ရောက် သျှမ်းအမျိုးသား တဦးက ဤကဲ့သို့ဆက်ပြော ပါသည်။
“စိုင်းသိန်းဝင်းက ဖခင်မရှိတော့ဘူး၊ မောင်နှမ ၄ ယောက်ရှိတယ်။ သူက အငယ်ဆုံး၊ စာအရမ်းတော်တယ်၊အထက် တန်းကို ဂုဏ်ထူးအများကြီးနဲ့ ၁၉၉၃ က အောင်တယ်၊ အခုကိစ္စအပေါ် သူ့မိသားစုကို ဖမ်းဆီးချုပ် နှောင်တာအခုထိ မရှိသေးဘူး၊ သူ့အိမ်ဝန်းကျင်မှာတော့ ထောက်လှမ်းရေးတွေအချိန်ပြည့်ဘဲ”
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲဇာတိ ဗိုလ်မှူးစိုင်းသိန်းဝင်းသည် တပ်မတော် နည်းပညာသက္ကသိုလ်ကျောင်းပြီး သည့်အပြင် ရုရှားမှ ဒုံးပျံ အင်ဂျင်ဆိုင်ရာဘွဲ့လည်း ရရှိခဲ့သည်။ မကွေးတိုင်း မြိုင်မြို့နယ် လျှို့ဝှက် စစ်လက်နက် ထုတ်လုပ်ရေးစက်ရုံ ဒု စက်ရုံမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ စစ်သက် ၁၅ နှစ်တာဝန်ထမ်းကာ ယခုနှစ် ဖေဖေါ်ဝါရီလက ထိပ်တန်း လျှို့ဝှက် စာတမ်းနှင့် အတူ နျူကလီးယားလက်နက်တည်ဆောက်ရေးစီမံကိန်းဆိုင်ရာ သက်သေ ပစ္စည်းများယူဆောင်၍ ပြည်ပသို့ တိမ်းရှောင်ခိုလှုံခဲ့သည်။