သျှမ်းပြည်မှ ဒုက္ခသည်များ ထိုင်းနယ်စပ်သို့ ထောင်ချီရောက်ရှိ

သျှမ်းပြည်မှ ဒုက္ခသည်များ ထိုင်းနယ်စပ်သို့ ထောင်ချီရောက်ရှိ
by -
မွေခေါ၀်
သျှမ်းပြည်မှဒုက္ခသည်များ ထိုင်း-မြန်မာနယ်စပ်သိ့ုရောက်ရှိလာသူ လူဦးရေမှာ ယခင်ကထက် နှစ်ဆပိုမိုများပြား လာကြောင်း နယ်စပ်သတင်းများအရ သိရှိ...

သျှမ်းပြည်မှဒုက္ခသည်များ ထိုင်း-မြန်မာနယ်စပ်သိ့ုရောက်ရှိလာသူ လူဦးရေမှာ ယခင်ကထက် နှစ်ဆပိုမိုများပြား လာကြောင်း နယ်စပ်သတင်းများအရ သိရှိရသည်။

“ဇန်နဝါရီမှဧပြီအထိ ကျနော်တို့ဆီရောက်လာတဲ့သူ ၁၃၂၂ ယောက်ရှိတယ်။ အခုမေလနဲ့ဆို အားလုံပေါင်း အယောက် ၁၅၀၀ ကျော်တယ်။ အရင်က တစ်လဆို ၂၀၀ လောက်ဘဲ ရောက်လာတယ်။ အခုဆိုပျှမ်းမျှ တစ်လ ၄၀၀ လောက် ရောက်လာကြတယ်။ အဲဒါကျနော်တို့ဆီတိုက်ရိုက်လာတဲ့သူတွေ။ တခြားနယ်စပ်ဂိတ်ကနေ ထိုင်းထဲ ၀င်လာတဲ့ သူနဲ့ဆိုရင် ခန့်မှန်းခြေ တစ်ယောက် လေးယောက်နှုန်းဆိုတော့ လေးငါးထောင်မကရှိမှာ” ဟု နယ်စပ်ဒုက္ခသည်လေ့လာစောင့်ကြည့် သူတစ်ဦးကပြောပါသည်။

အမျိုးသမီး ၆၈၆ ယောက်(၅၂%)၊ မွေးကင်းစမှ ၁၄ နှစ်အောက်ကလေး ၃၄၆ ယောက်(၂၆%)ရှိကြောင်း၊ သျှမ်းပြည်တောင် ပိုင်း ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်မြို့နယ်နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုန်၊ မိုင်းဆက်၊ မိုင်းပြင်းမြို့နယ်မှ ၀င်ရောက်လာသူများဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားပါသည်။

The Shan Human Rights Foundation မှ ၁၉၉၈ ဧပြီလ ထုတ် Dispossessed အစီရင်ခံစာ

“ကလောအခြေစိုက် တပ်မ ၅၅ လက်အောက်ခံတပ်ရင်းတွေက ပြည်သူလူထုကို ဆန်၊ ကြက်၊ ၀က်စတာတွေ မကြာခဏအလကားတောင်းစားတယ်။ အိမ်ခွန်၊ ယာခွန်၊ ကောက်ပဲသီးနှံခွန်စတဲ့ အခွန်မျိုးစုံလည်းထပ်ကောက် တယ်။ ယောင်္ကျားလေး/အမျိုးသားတွေကို ပြည်သူ့စစ်လုပ်ခိုင်းတယ်။ စပါးတွေကို စျေးနိမ်ပြီးဝယ်တယ်။ အဲဒီဒဏ် တွေကို မခံနိုင်လို့ထွက်ပြေးလာရတာ”ဟု မိုင်းကိုင်ဒေသခံတစ်ဦးက ပြောပါသည်။

ခလရ ၁၁၂ နှင့် ၁၁၃ တို့ကလည်း ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်များ အမြဲမပြတ်ချောဆွဲကြောင်း၊ ပြည်သူလူထုအား လုပ်အားပေးစေခိုင်းကြောင်း၊ ပြည်သူလူထု ပိုင်မြေယာများ အတင်းအဓမ္မသိမ်းယူပြီး ပိုက်ဆံရှိသူ များထံပြန်လည်ရောင်း ချသည်ဟုဆိုသည်။

“တစ်နေ့ ထော်လာဂျီ ၆ စီး၊ ဆိုင်ကယ် ၅ စီး ချောဆွဲတယ်။ ထော်လာဂျီ၊ ဆိုင်ကယ်မရှိတဲ့သူတွေကို ဓါတ်ဆီ၊ဒီဇယ်ဆီတွေ အတွက် စုပေါင်းပိုက်ဆံထည့်ရတယ်”ဟု အဆိုပါမိုင်းကိုင်ဒေသခံက ဆက်လက်ပြောကြားပါသည်။

ထိုင်းနယ်စပ်ရောက်သျှမ်းပြည့်ကလေးငယ်များ

နယ်စပ်သို့ရောက်ရှိရန် ခရီးစရိတ် ကျပ်ငွေ ၁၅၀၀၀၀ (၅၃၀၀ဘတ်ခန့်) မှ ၂၀၀၀၀၀ (၇၀၀၀ဘတ်ခန့်) အထိကုန်ကျ ကြောင်း၊ နယ်စပ်မှတဆင့်ထိုင်းထဲသို့ ခရီးဆက်လျှင် ဘတ် ၄၀၀၀ မှ ၉၀၀၀ အထိထပ်မံကုန်ကျကြောင်း၊ ထို့ကြောင့် အနည်းဆုံးဘတ် ၉၀၀၀ မှ အများဆုံးဘတ် ၁၆၀၀၀ ထိကုန်ကျကြောင်းသိရှိရသည်။

နယ်စပ်တွင် အလုပ်လုပ်လျှင် တစ်ရက် ယောကျ်ားလေး ဘတ် ၁၀၀၊ မိန်းကလေး ဘတ် ၉၀ ရရှိကြောင်းနယ်စပ် ဒေသခံတစ်ဦးပြောပြချက်အရ သိရှိရသည်။

၁၉၉၆ မှ ၁၉၉၈ ခုနှစ်အထိ နအဖစစ်တပ်များက သျှမ်းပြည်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ရွာပေါင်း ၁၄၇၈ ရွာအား မီးရှို့ ဖျက်စီးပြီး နေရပ်မှအဓမ္မစွန့်ခွါခိုင်းခဲ့သောကြောင့် ရွာသူရွာသားသုံးသိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ၁၉၉၈ ဧပြီလ၌ The Shan Human Rights Foundation မှထုတ်ဝေသော Dispossessed အစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။