ရှန်ဟိုင်းနိုင်ငံတကာ ကုန်စည်ပြပွဲတွင် မြန်မာပြခန်းဖွင့်လှစ်

ရှန်ဟိုင်းနိုင်ငံတကာ ကုန်စည်ပြပွဲတွင် မြန်မာပြခန်းဖွင့်လှစ်
ယခုနှစ် မေလမှ အောက်တိုဘာလကုန်အထိ ၆ လကြာ ကျင်းပနေသည့် တရုတ်နိူင်ငံ ရှန်ဟိုင်းမြို့နိုင်ငံတကာ ကုန်စည် ပြပွဲတွင် ဇွန်လ ၁ ရက်နေ့က မြန်မာနိုင်ငံပြခန်း ဖွင့်ပွဲ ကျင်းပခဲ့ပြီး အခမ်းအနားသို့ စီးပွားကူးသန်းဝန်ကြီး တင်နိုင်သိန်း တက်ရောက်...

ယခုနှစ် မေလမှ အောက်တိုဘာလကုန်အထိ ၆ လကြာ ကျင်းပနေသည့် တရုတ်နိူင်ငံ ရှန်ဟိုင်းမြို့နိုင်ငံတကာ ကုန်စည် ပြပွဲတွင် ဇွန်လ ၁ ရက်နေ့က မြန်မာနိုင်ငံပြခန်း ဖွင့်ပွဲ ကျင်းပခဲ့ပြီး အခမ်းအနားသို့ စီးပွားကူးသန်းဝန်ကြီး တင်နိုင်သိန်း တက်ရောက်ခဲ့ကြောင်း တရုတ် သတင်းများတွင် ဖေါ်ပြသည်။

မြန်မာပြခန်းဖွင့်ပွဲသို့ တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုဥက္ကဋ္ဌ ကျန်းရှောင်ချမ်း တက်ရောက်ခဲ့ပြီး “ပြေပြစ်သင့်မြတ်သည့် ဂေဟစနစ်တွင် မြို့ပြ ထူထောင်ရေး” သည် မြန်မာပြခန်း၏ ဆောင်ပုဒ် ဖြစ်ကြောင်း သိရသည်။

၀န်ကြီးတင်နိုင်သိန်းနှင့် အဖွဲ့သည် ရှန်ဟိုင်းနိုင်ငံတကာ ကုန်စည်ပြပွဲရှိ ကွမ်းရှီးပြည်နယ်နှင့် ယူနန်ပြည်နယ် ပြခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရပိုင် CCTV ရုပ်သံဋ္ဌာနက မြန်မာပြခန်းဖွင့်ပွဲကို ထုတ်လွင့်ခဲ့ရာ ၎င်းအစီအစဉ်  ကြည့်ရူ့ခဲ့ရသည့် တရုတ်နယ် စပ်နေ မြန်မာတစ်ဦးက ဖွင့်ပွဲနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်သို့ ယခုလိုပြောသည်။

မူစယ် 105 မိုင် ၌ ကျင်းပခဲ့သည့် တရုတ် - မြန်မာ ကုန်စည်ပြပွဲ

“ဇွန် ၁ ရက်နေ့က နေ့လည် ၁၂ နာရီနဲ့ ည ၆ နာရီအစီအစဉ်တွေမှာ ထုတ်လွင့်သွားတယ် မြန်မာပြခန်းဖွင့်ပွဲနေ့ဆိုတော့ မြန်မာ ၀န်ကြီးတွေသွားပြီး ဖွင့်ပွဲလုပ်ကြတာလေ ဗမာဝတ်စုံတွေအကတွေနဲ့ပေါ့ ကလေးတွေကလည်း ဗမာဝတ်စုံတွေနဲ့ ကကြခုန်ကြ ” “Expo ဆိုတဲ့အခါကျတော့ အဲဒီနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့  သူ့ရဲ့ ဖြစ်ပေါ်မှုဖြစ်စဉ်တွေကို အဆောက်အဦးကစ ပုံဖေါ်ထားတာလေ ယဉ်ကျေးမှုဖလှယ်ရေး အဓိကပဲ တရုတ်ပြည်ရဲ့ အကာသနည်းပညာပြခန်းတို့ ပြည်နယ်အလိုက် ပြခန်းတွေလုပ် တယ်လေ အထဲမှာက ယဉ်ကျေးမှုဖေါ်ထုတ်တာတွေပေါ့ အနာဂတ်သိပ္ပံနည်းပညာတွေ အဲဒါတွေပြတာ မြန်မာဆိုလည်း မြန်မာနဲ့ ပတ်သက်တာတွေပေါ့ ” ဟု သူက ပြောသည်။

တရုတ်ရှန်ဟိုင်း Expo နှင့်အလားတူ အမေရိကန်နိုင်ငံတွင် ၁၉၆၀ ကျော်ကာလ ကတည်းက စတင်ပြသခဲ့ရာ အနာဂတ် သိပ္ပံနည်းပညာရပ်ဆိုင်ရာများကို ဖေါ်ထုတ်ပြသ ခဲ့ကြောင်း သိရသည်။

ယခုပြခန်းသို့ သွားရောက်ကြည့်ရှုသူများ အနေဖြင့် သိပ္ပံနည်းပညာပြခန်း၌ ကိုယ်တိုင်လက်တွေ့ စမ်းသပ်ခံစားနိုင်သည်ဟု ဆိုသည်။

“အရင်တုန်းက မိုးပျံရထားတို့ဆိုတာ မပေါ်ခင်မှာ အမေရိကန်ပြခန်းမှာပြတာပဲလေ အခုတကယ်ဖြစ်လာတာလေ အခု တရုတ်မှာလည်း သိပ္ပံနည်းပညာပြခန်းဆိုရင် ကိုယ့်ဟာကိုယ် လေယာဉ်မောင်းတဲ့ အတွေ့အကြံုယူတာတို့ အာကာသ ထဲ ခံစားမှုလုပ်တာမျိုးတို့ အဲဒါမျိုးတွေလုပ်နိုင်တာပေါ့ဗျာ ” ဟု သူကဆိုသည်။