တရုတ် - မြန်မာ နှစ်နိုင်ငံ အဓိကကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် လုံခြံုရေး ရဲကင်းများ တိုးမြှင့်လာရာ ကား ထော်လာဂျီနှင့်ဆိုင်ကယ်သမား များထံမှ တရားမဝင် ငွေတောင်းယူသည့် ရဲတပ်ဖွဲ့ဝင် ဦးရည် ပိုတိုးလာကြောင်း လှိုင်းဆွဲနေသည့် ကားသမားများ အဆိုအရ သိရသည်။
အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ တံတားကြီး ရွာကြီး မှန်သမျှတွင် ရဲကင်း လုံခြံုရေးချထားခြင်း ဖြစ်ပြီး သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မှ မန္တလေး အထိ လမ်း တစ်လျှောက်တွင် ငွေတောင်းသည့် ရဲတပ်ဖွဲ့ဝင် ၂၀၀ ထက်မနည်း ရှိကြောင်း သိရသည်။
တရားဝင် ကုန်စစ်ဆေးရေး စခန်းများ အနေဖြင့် မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုံ ၊ ရေပူ နှင့် ၁၆ မိုင် တို့တွင် သာ ထားရှိ သော်လည်း ရဲကင်းများက ဂျူတီလက်မှတ် စစ်ဆေးခြင်း ကုန်စစ်ဆေးခြင်းများပြုလုပ်ပြီး ငွေတောင်း ယူကြောင်းကားသမား တစ်ဦးက ဆိုသည်။
တရားဝင်ဂျူတီ ကုန်ကားများအား စစ်ဆေးသည့်အခါ စာရွက်စာတမ်းနှင့်ကုန် ကိုက်ညီနေ သော်လည်း ရဲများ၏ငွေတောင်း ယူခံရခြင်းမှ မလွတ်ကင်းကြောင်း သူက ဆိုသည်။
မန္တလေး - လားရှိုး - မူစယ် ကုန်သွယ်ရေးလမ်းမ (ဓါတ်ပုံ - S.H.A.N. Sai Sai)
“တရားဝင်ဂျူတီဆောင်ထားတဲ့ကားပေါ့ဆိုရင် ကားဆရာ ခင်ဗျားဘာတွေတင်လာသလဲ ပြအုံး ဂျူတီစာရွက် တောင်း ကြည့်တယ်ဗျာ စာရွက်စာတမ်း စစ်ကြည့်လို့ အကုန်စုံတယ်ဆိုရင်တောင်မှ စားဖို့သောက်ဖို့ ပေးခဲ့ပါအုံး ပေါ့ အနည်းဆုံး ၅၀၀၀ ပေါ့ဗျာ တရားဝင် ဂျူတီ မဆောင်တဲ့ ထော်လာဂျီတို့ ဆိုင်ကယ်တို့ဆိုရင် လာစမ်းပဲ ဘယ် လောက် ဆိုတာ ” ဟု ဆိုသည်။
ထင်ရှားသည့် ရဲကင်းများမှာ မူစယ် အဝင် / အထွက် အေးရှားဝေါလ်ဂိတ် ၊ လားရှိုးအဝင်/ အထွက် အေးရှား ဝေါလ်ဂိတ် ၊ သိန်းနီတံတား ၊ သီပေါတံတား ၊ ကျင်တီ တံတား ၊ ပြင်ဆာရဲကင်း ၊ ၀က်ဝံရဲကင်း ၊ နောင်ချို မူးယစ်ဂိတ် တို့ဖြစ်ကြောင်း သိရသည်။
ကားသမားများက တစ်နိုင်တစ်ပိုင် တရားမဝင် သယ်ဆောင်လာသည့် ကုန်ပစ္စည်းများလည်းရှိရာ ပစ္စည်းပေါ်မူ တည်၍ ငွေတောင်းယူကြောင်း သိရသည်။
“စစ်ဆေးရေး ဂိတ်တွေ မသိအောင် သယ်သွားတာမျိုးလည်း ရှိတယ် တောင်းတာကတော့ အစားစားပေါ့ ရဲကင်း ရှိရင် ရဲကင်းကထွက်လာတယ် ပိုက်ဆံတောင်းပြီဆို ၅၀၀၀ ပေးလိုက်တယ်ဆိုရင် ဒါငါတို့ အတွက်ပဲရှိ သေးတယ်စခန်းမှူးအတွက် လုပ်ပါအုံး မြို့နယ်မှူးအတွက်လုပ်ပါအုံး အဲဒါမျိုးတွေပေါ့ အုပ်စုလိုက် အုပ်စုလိုက် အနည်း ဆုံးက ၃ /၄ ယောက်ထွက်တောင်း တယ် နောင်ချိုမူးယစ်ဂိတ်က ၅ သောင်းအထက်ပဲ ” ဟု ဆိုသည်။
ထိုသို့ တရားမဝင်ငွေတောင်းယူမှုများကြောင့် ကားသမားများအနေဖြင့် လမ်းခရီးကြန့်ကြာ၍ စိတ်အနှောက် အယှက် ဖြစ်ရကြောင်း ဆိုကြသည်။