မေ ၂၁ ရက်၌ ကျရောက်သော ၅၂ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစု ကြည်သာ ပင်လုံကတိပြန်ဖေါ်နိုင်သူ ဟု SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြား ခဲ့ပါသည်။
“ပင်လုံစာချုပ်ကို ကျောခိုင်းလို့တိုင်းပြည်အခြေအနေ အခုလိုမျိုးဖြစ်ရတာ။ ရှေ့ဆက် ဥပက္ခာပြု မေ့ချင်သယောင် လုပ်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ပြဿနာ ဘယ်တော့မှ အဆုံးသတ်နိုင်မှာမဟုတ်ဘူး။ တန်းတူ အခွင့်အရေး အတွက် ပင်လုံကတိကို ပြန်ဖေါ်ရမယ်၊ ပင်လုံကို ပြန်ဖေါ် နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဟာ အဓိက အခန်း ကဏ္ဍ ဖြစ်တယ်၊ သူမကို ဆက်လက်ထောက်ခံအားပေးရမယ်”- ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြော၏။
မေ ၂၁ ရက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို လွယ်တိုင်းလျဲန်းဌာနချုပ်၌ ကျင်းပရာ စစ်သည် အင်အား ၁၅၀၀ ကျော် တက်ရောက် စစ်ရေးပြပြီး လူထုပရိသတ် အပါ၀င် စုစုပေါင်း အင်အား ၂၀၀၀ ကျော် တက်ရောက်ခဲ့၏။
မနက်ပိုင်း တော်လှန်ရေးအခမ်းအနားကျင်းပပြီး မွန်းလွဲပိုင်း ၁၃း၃၀ နာရီတွင် တော်လှန်ရေးနေ့နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ် ြုပလုပ်ခဲ့ရာ သတင်းထောက်များ၏ မေးမြန်းချက်အပေါ် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပင်လုံနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဒွန်တွဲပြောဆိုခြင်းဖြစ်ပါသည်။
ဒုဗိုလ်ချုပ်ကြီး ယွက်စစ်
“ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးလဲဖြစ်တယ်။ အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံအသီး သီးကလဲ သူမကိုလက်ခံတယ်။ ပင်လုံအကြောင်းသူမ ပြန်ပြောင်းပြောလာမယ်ဆိုရင် ပိုထိရောက်မယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်လာနိုင်အောင် အဲဒီအခွင့်အလှမ်း ကနေ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို သူမဖေါ်ဆောင်နိုင်မယ်။ UN ပြောသလိုပါဘဲ တိုင်းရင်းသားမပါရင်မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ လွယ်ကူမှာ မဟုတ်ဘူး” - ဟု သတင်းထောက်များအား ဆက်လက်ပြောပြ၏။
လွယ်တိုင်းလျဲန်းဌာနချုပ် သတင်းစာရှင်းလင်းပွဲတွင် ပချားထိုင်းကဲ့သို့ ထိုင်းသတင်းဌာနများအပြင်၊ ဒီဗွီဘီ သတင်းဌာနနှင့်အတူ သျှမ်း သံတော်ဆင့် သတင်းဌာနတို့လည်း ပါ၀င်တက်ရောက် သတင်းယူမေးမြန်းခဲ့ပါသည်။
၁၉၅၂ ခုနှစ် တွင် တရုပ်ဖြူကျူးကျော်မှုကိုအကြောင်းပြု၍ ဗမာ့တပ်မတော်က သျှမ်းပြည်၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကို သိမ်းပိုက်ထိပါးလာမှုကြောင့် လွတ်လပ်ရေး၊ တန်းတူရေးမြတ်နိုးတန်ဖိုးထားသည့် စောနွဲ့ဆောယန္တ ဦးဆောင် သျှမ်းလူငယ် ၃၁ ယောက်က ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် တောခိုပြီး လက်နက်ကိုင်တော်လှန်ရေးစတင်ကာ သျှမ်းပြည်တော်လှန်ရေးသမိုင်းစာမျက်နှာ စဖွင့်ခဲ့ခြင်းဖြစ်ပါသည်။