သျှမ်းပြည် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် အမည်မသိဓါတ်သတ္တုတစ်မျိုးထွက် ပေါ်နေပြီး နအဖစစ်အစိုးရက လျှို့ ၀ှက် တူးဖေါ် လုပ်ကိုင် နေကြောင်း သိရသည်။
ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှ ၁၈ မိုင် ခန့် ဝေးသည့် တောင်ခြေရွာအနီး၌ အလုပ်သမား ၅၀၀ ကျော်ဖြင့် တူးဖေါ်ရေး လုပ်ငန်းများ လုပ်ကိုင် နေကြောင်း လုပ်ငန်းခွင်အနီး စျေးရောင်းသည့် စျေးသည်များအဆိုအရ သိရသည်။
အဆိုပါ တူးဖေါ်ရေးလုပ်ငန်းခွင် အတွင်းသို့ မည်သူ့ကိုမျှ ၀င်ခွင့်မပြုပဲ ထွက်ရှိသည့် သတ္တုများကို သေတ္တာဖြင့် ထုတ်ပိုး၍ နေပြည်တော်အရောက် ကားဖြင့် ပို့ဆောင်ခြင်း လျှို့ဝှက်လုပ်ကိုင်နေကြောင်း စျေးသည်တစ်ဦးက ဆိုသည်။
“အခုသတ္တုတူးနေတဲ့နေရာက ကျောက်မဲမြို့နယ် နောင်ပိန်ကနေတဆင့် သွားရတယ်။ ၁၈ မိုင်ဝေးတဲ့ တောင်ခြေဆိုတဲ့ ရွာနားမှာ၊ အရင်ကလမ်း မကောင်းဘူး။ အခု ကွန်ကရစ်လမ်းခင်းထားတာ ဆိုင်ကယ်နဲ့သွားရင် တစ်နာရီလောက်ပဲ သွားရ တယ်”
“အလုပ်သမားတွေကိုလည်း ရေအားလျှပ်စစ်လုပ်နေတယ်ပဲ ပြောခိုင်းထားတယ် အဲဒီမှာ ဒုဋ္ဌဝတီမြစ်တော့ရှိတယ်။ ထူးခြားတာက စစ်ဗိုလ် တွေတောင် ပေးမဝင်ဘူး။ မြေကြီးထဲက တူးရတဲ့ဟာတွေကို ချက်ခြင်း သေတ္တာတွေနဲ့ ပက်ကင် ပိတ်ပြီး နေပြည်တော်အရောက်ပို့နေတယ်။ အလုပ်သမားတွေကိုယ်တိုင် ဘာထွက်တယ်ဆိုတာမသိဘူး” ဟု သူက ဆို သည်။
ထို့အပြင် သင်္ကြန်မတိုင်မီကာလက အနီးဝန်းကျင်တွင် စစ်တပ်လုံခြံုရေး အစောင့်အရှောက်များ ထူထပ်စွာချထားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် အဆိုပါနေရာသို့ လာရောက်ကြည့်ရှု ခဲ့သေးကြောင်း သိရသည်။
သတ္တုတူးဖေါ်ရေးလုပ်ငန်းသို့ အလုပ်သမားများ ထပ်မံ ပို့ဆောင်မည် ဆိုသည့် သတင်းကြောင့် ဒေသအတွင်း စျေးရောင်း လာသူ အများအပြား ထိုနေရာသို့ ရောက်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် တွင်းထွက်သတ္တုအများအပြား တူးဖေါ်လုပ်ကိုင်နေသော်လည်း နအဖစစ်အစိုးရက တရားဝင် ထုတ်ဖေါ် ပြောဆိုခြင်း မရှိပေ။
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်များတွင် တရုတ်ကုမ္ပဏီနှင့် တရုတ်အလုပ်သမားများ ထောင်ချီ လုပ်ကိုင် နေသည့် သတ္တုတူးဖေါ်ရေး စီမံကိန်းလုပ်ငန်းများရှိကြောင်း သိရသည်။