နအဖစစ်ရုံးချုပ်က နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်ဖွဲ့စည်းရေး အာခံနေသည့် ငြိမ်းချမ်းရေးအဖွဲ့များ၏ စစ်ရေး ကိစ္စများနှင့် နယ်မြေအတွင်းသွားလာမှုများ အပေါ် ကန့်သတ်ရန်အတွက် လက်အောက်ခံ စစ်တိုင်းဋ္ဌာနချုပ်များသို့ ဧပြီလ ကုန်ပိုင်းက ညွန်ကြားချက် ထုတ်ပြန်ထားကြောင်း စစ်ဘက်သတင်းရပ်ကွက်များ အဆိုအရ သိရသည်။
ဥပဒေဘောင်အတွင်း ၀င်ရောက်လာသည်ဟု ဆိုသော ငြိမ်းအဖွဲ့များသည် ငြိမ်းချမ်းရေးမူများကို ချိုးဖေါက်နေသောကြောင့် ထိုသို့မဖြစ်စေရန် စစ်တိုင်းများက ကြပ်မတ်ရမည်ဟု ညွန်ကြားချက်က ဆိုသည်။
လူသစ်စုဆောင်းခြင်း၊ သင်တန်းဖွင့်လှစ်ခြင်း၊ စစ်ရေးလေ့ကျင့်ခြင်းနှင့် လက်နက်ခဲယမ်း တိုးချဲ့တပ်ဆင်ခြင်း စသည့် စစ်ရေးကိစ္စများအား ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့များ မပြုလုပ်စေရန် စစ်တိုင်းများက ကြပ်မတ်ရမည် ဟုဆိုသည်။
ထို့အပြင် အဆိုပါအဖွဲ့များ နယ်မြေအတွင်း ခရီးသွားလာရာတွင် လက်နက်ကိုင်ဆောင်သွားလာခွင့်မပြုရန်နှင့် သက်ဆိုင်ရာ နအဖတပ်စခန်းများသို့ သတင်းပို့ပြီးမှသာ သွားလာရမည်ဟု ဆိုသည်။
နအဖစစ်ရုံးချုပ်၏ ယခု ညွန်ကြားချက်သည် အသစ်အဆန်း မဟုတ်သော်လည်း လက်ရှိအချိန်အခါ အရ နယ်ခြားစောင့် တပ် (သို့) ပြည်သူ့စစ်အသွင်ပြောင်းရေးကို အာခံနေသည့် ငြိမ်းအဖွဲ့များအပေါ် ကန့်သတ်မှုများ တိုးမြှင့် လုပ်ဆောင်လို သည့် သဘောထားဖြစ်ကြောင်း အပစ်ရပ်အဖွဲ့များနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
ယခင်စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးမှ ဖယ်ရှားခံရပြီးနောက် နအဖစစ်တပ်က ငြိမ်းအဖွဲ့ များအပေါ် ကန့်သတ်ချက်များ တိုးမြှင့်လုပ်ဆောင်ခဲ့ရာ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖွဲ့စည်းရေး အဆိုပြုပြီး တစ်နှစ် တာ ကာလအတွင်း ထပ်မံတင်းကြပ်လာသည့် အနေအထားဖြစ်သည်။
စစ်ထောက်လှမ်းရေးကြီးစိုးစဉ်ကာလက ငြိမ်းအဖွဲ့များအနေဖြင့် ဒေသအတွင်းသာမက ရန်ကုန် မန္တလေးမြို့များအထိ လက်နက်ကိုင်ဆောင်သွားလာခဲ့ကြသည်ဟု ဆိုသည်။
ယခုနောက်ပိုင်းကာလများတွင် အထိမ်းအမှတ်ပွဲများ တက်ရောက်ရာ၌ပင် ငြိမ်းအဖွဲ့များ၏ လက်နက်ခဲယမ်းယူဆောင်ခွင့် နှင့် ယူနီဖေါင်း ၀တ်ခွင့်များကို ကန့်သတ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
နအဖစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးရယူခဲ့သည့် နှစ် ၂၀ကျော်ကာလအတွင်း နှစ်ဘက်စစ်ရေး ပြင်ဆင် လာခဲ့ရာ သျှမ်းပြည်(မြောက်ပိုင်း)ရှိ ၀ပြည်သွေးစည်းရေးပါတီသည် လက်နက်ကိုင်အင်အား ၃၀၀၀၀ ကျော်ခန့် ရှိနေပြီး ကချင်ပြည် လွတ်လပ်ရေးအဖွဲ့တွင် လက်နက်ကိုင် ၁၀၀၀၀ ခန့်ရှိလာကြောင်း ကျွမ်းကျင်သူ များက ခန့်မှန်းသည်။
နအဖစစ်တပ်က တိုင်းရင်းသား ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးကိစ္စရပ်များကို ကန့်သတ်နေသည့် တစ်ချိန် တည်းတွင် ၄င်းတို့ဘက်မှ တရုတ် ရုရှား မြောက်ကိုးရီးယားနိုင်ငံများမှ ခေတ်မှီ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူဖြည့်တင်း လျှက်ရှိသည်။