သျှမ်းပြည်တောင်ပိုင်းဇာတိ ဆရာတော်နှစ်ပါးအား ထိုင်းနိုင်ငံ မဟာကျူးလားလုံးကွမ်းတက္ကသိုလ်မှ ဂုဏ်ထူး ဆောင် Ph.D ဘွဲ့ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ချီးမြှင့်ဆက်ကပ်ခဲ့သည်ဟု တက္ကသိုလ်ကျောင်းသား သျှမ်းဦး ပဥ္စင်းတပါးက မိန့်တော်မူပါသည်။
မေ ၉ ရက်နေ့က ထိုင်းနိုင်ငံ မဟာကျူးလားလုံးကွမ်းတက္ကသိုလ် မှ နိုင်ငံတော်သံဃာ့မဟာနာယက ဒုတိယ အကျိုး တော်ဆောင်ဆရာတော် /သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဓမ္မပါလ ဥက္ကဌ/လွိုင်လင်မြို့ ဓါတ်တော် ကျောင်းတိုက် ကျောင်းထိုင် ဆရာတော်/ပင်လုံမြို့သျှမ်းတိပိဋိကတ် ဘာသာပြန်အဖွဲ့ အယ်ဒီတာချုပ် ဘဒ္ဒန္ဒ ပညာနန္ဒ နှင့် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်ဗုဒ္ဓဝိဟာရကျောင်းထိုင်ဆရာတော် ဒေါက်တာဓမ္မသာမိ ခမ်းမိုင် အရှင်သူမြတ်တို့ထံ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ဆက်ကပ်ခဲ့သည်။
“ထိုင်းနိုင်ငံ မဟာကျူးလားလုံးကွမ်း တက္ကသိုလ်က အထင်ကရ ဆရာတော်နှစ်ပါးကို Ph.D ဘွဲ့ ဆက်ကပ်လို့ဦးပဥ္စင်းတို့ တက္ကသိုလ်ကျောင်းသားများနဲ့ သာသနာ့ နုဂ္ဂဟ အသင်းက ကမကထပြုပြီး ယမန်နေ့ကဂုဏ်ပြု အခမ်း အနားကျင်းပခဲ့ တယ်။ အနယ်နယ်အရပ်ရပ်က ဒါယကာ/မတွေလဲ လာရောက်ကြည်ညိုအနုမောဒနာ ပြုကြတယ်” ဟု အဆိုပါ ဦးပဥ္စင်းက မိန့်တော်မူ၏။
မေ ၁၁ ရက် မနက် ၀၈းဝဝ - ၁၄းဝဝ နာရီအထိ မဟာကျူးလားလုံးကွမ်းတက္ကသိုလ် သျှမ်းသံဃာတော် များဦးဆောင်၍ ကမကထပြုသည့် ဂုဏ်ပြုအခမ်း အနားတရပ်ကျင်းပခဲ့ကြောင်း၊ သျှမ်းပြည်တောင်ကြီး၊ လွိုင်လင်၊ ပင်လုံ၊ လဲချား၊ လားရှိူး၊ မူစယ်၊ နမ့်ခမ်း၊ ကျိုင်းတုံ တာချီလိတ် --- နှင့် ရန်ကုန်၊ မန္တလေးမှ ဒါယကာ/မများ သာမက ထိုင်းနိုင်ငံဘန်ကောက်အပါ အဝင်ချင်းမိုင်၊ ချင်းရိုင်း နှင့် အခြားအနယ်နယ် အရပ်မှဒါယကာ/မများ ပါမကျန် စုစုပေါင်း ပရိသတ် ၃၀၀ ကျော်ဂုဏ်ပြု သာဓုခေါ်ကြကြောင်းအခမ်း အနားတက်ရောက်သူ တဦးက ပြောပါသည်။
“ဆရာတော် ဒေါက်တာဓမ္မသာမိရဲ့ မှတ်မှတ်ရရစကားကို ပြောရရင် - ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ ရုပ်ပိုင်းဆိုင် ရာ ဖွံ့ဖြိုး တိုးတက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု နှစ်ခုစလုံးဒွန်တွဲတာကိုခေါ်တယ်- တဲ့။ တခုခုကနောက် ကျ ကျန်နေရင် ပြဿနာပေါ်လာတတ်စမြဲ - လို့ အခမ်းအနားမှာမိန့်မှာပါတယ်” - ဟု အဆိုပါ ပရိသတ်က ပြောပါသည်။
မဟာကျူးလားလုံးကွမ်း တက္ကသိုလ်မှဂုဏ်ထူးဆောင် Ph.D ဘွဲ့အပ်နှင်းရေးကော်မတီဝင်တဦးကလည်း ဆရာ တော် နှစ်ပါးအား-‘သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့ ဓါတ်တော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္ဒပညာနန္ဒသည်ပါဠိဘာသာရေး တတ်သည့်အပြင် ပြောဆိုရာမှာလဲကျွမ်းကျင်ကြောင်း၊ ထိုင်းနိုင်ငံတွင်မူ ဆုခိုထိုင်းခေတ်က ပါဠိ ဘာသာကို နိုင်ငံတကာသုံး ဘာသာအဖြစ်အသုံးပြုခဲ့သော်လည်း ယနေ့ခေတ်တွင်မူ ရေးတတ်ရုံသက်သက်သာ ရှိတော့ကြောင်း၊ ထို့ကြောင့်ပြန်လည် ပြောတတ် လာအောင် အရှင်နှစ်ပါးအားပို့ချပေးရန်ပင့်ဖိတ်တော်မူမည်ဖြစ် ကြောင်း’ -ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟု ဆို၏။
၁၉၆၄ ခုနှစ်တွင် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့၌ ဖွားမြင်သည့် ဘဒ္ဒန္ဒဒေါက်တာဓမ္မသာမိ ကမူ ၂၀၀၄ တွင် အောက်စ်ဖို့ဒ် တက္ကသိုလ်၌ Ph.D ဒေါက်တာ ဘွဲ့ဆွပ်ခူး ရရှိပြီး အဆိုပါတက္ကသိုလ်၌ ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာ ရပ်အားပြန်လည်ပို့ချ တော်မူသည်။ ထို့အပြင် ၂၀၀၅ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင်နှစ်စဉ်ကျင်းပသည့် ၀ိဇာခပူဇော် (ကဆုန်လပြည့် ကမ္ဘာ့ဗုဒ္ဓနေ့) ပွဲတော် ဖြစ်မြောက်ရေးကော်တီတွင် အထွေထွေအတွင်းရေးမှူးအဖြစ်လည်းပူးတွဲ တာဝန်ယူလျက်ရှိသည်။