ယခုနှစ် မြေပဲအနုတ်အသိမ်း ရာသီတွင် ကချင်ပြည်နယ် ရွှေကူမြို့နယ် အတွင်း၌ မြေပဲ အထွက် ထက်ဝက်ခန့် ကျဆင်း ကြောင်း ဒေသခံတောင်သူတစ်ဦး၏ အဆိုအရ သိရသည်။
အဆိုပါ ဒေသအတွင်း မြေပဲသည် ဧရာဝတီမြစ်ရိုး မြေနုကျွန်းများပေါ်တွင် အဓိကထား စိုက်ပျိုးသည့် သီးနှံတစ်မျိုးဖြစ်ပြီး ဒေသတွင်း၌ စပါးနှင့်ပဲစေးငုံကိုပါ စိုက်ပျိုးကြောင်း သိရသည်။
ယခုအခါ ရာသီဥတု ဖေါက်ပြန်မှုကြောင့် မြေပဲအထွက် ထက်ဝက်ခန့် ကျဆင်းဖွယ်ရှိကြောင်း ရွှေကူမြို့နယ် ဘိုကုန်းရွာ သားတောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“အခုမြေပဲတွေနုတ်နေပြီလေ မြေပဲမဥဘူး ဥတော့လည်း အဆံမအောင်တာများတယ် အဓိကကတော့ ရာသီဥတုမမှန် တာကြောင့်ပေါ့ မိုးနည်းပြီး ပူပြင်းတယ် အခုတောင် နေ့လည်ဆိုအိမ်မှာနေလို့မရဘူး တစ်နယ်လုံးနီးနီးပဲလို့ ပြောလို့ရတာ ပေါ့” ဟု အဆိုပါတောင်သူက ပြော၏။
နှစ်စဉ် မြေပဲတင်း ၂၀၀ ခန့်ရသူများသည် တင်း ၁၀၀ ကျော်ခန့်သာ ရရှိမည့် အနေအထား ဖြစ်ပြီး မြေပဲစိုက် တောင်သူ များအနေဖြင့် အရှုံးပေါ်ကြောင်း သူကဆိုသည်။
မြေနုကျွန်းမြေပဲ အစိုက်များသည့် ကချင်ပြည်နယ် ဗန်းမော် ရွှေကူနှင့် စစ်ကိုင်းတိုင်း ထီးချိုင့် ကသာမြို့နယ်များတွင် မြေပဲ အထွက်နည်းသောကြောင့် မြေပဲသီးနှံပေါ်ချိန် ဖြစ်သော်လည်း ဆီစျေးကွက်တွင်မြေပဲဆီစျေးအနည်းငယ်တက် လာသည်။
မေလဆန်းအတွင်း ပဲဆီစျေးနှုန်းမှာ တစ်ပိဿာ ကျပ် ၁၀၀ ခန့် တက်လာပြီး မြေပဲစျေးနူန်းလည်း အနည်းငယ်ထပ်တက် လာကြောင်းသိရသည်။