ဧပြီ ၂၈ ရက်နေ့ ၀ တပ်ဖွဲ့အား နအဖ ထိုးစစ်ဆင်တိုက်ခိုက်မည် ဆိုသည့်သတင်းကြောင့် တောင်ပိုင်း ၀ လှုပ်ရှားနယ်မြေ အတွင်းရှိ ကျေးလက်လူထုထောင်ချီ ထိုင်းနယ်စပ်သို့ ဆက်လက်ထွက်ပြေးနေသည်ဟု စုံစမ်းသိရှိရပါသည်။
“သင်္ကြန်မတိုင်ခင်ကတည်းက ထွက်ပြေးတိမ်းရှောင်နေတာ ၀ လူထုဘဲ၊ အခု သျှမ်း၊ လားဟူ၊ ကိုးကန့် တရုတ် တွေပါ ဂယက်ရိုက်လာတယ်။ နယ်စပ်ဘက်မှာ ထောင်ချီတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းဒေါ၀်မြို့နယ် တွန့်ခေါ၀့်ပုံးကျေးရွာ အုပ်စုဘက်ရောက်နေတာ ရာဂဏန်းရှိတယ်” - ထိုင်းနယ်စပ်နေ စိုင်းအိုက်က ပြောပါသည်။
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖ ဖိအားပေးထားသည်မှာ ယနေ့နောက်ဆုံးဖြစ်၏။ နအဖ၏ ဖိအားများကြောင့် ၀ ကေဒါ တပ်သားများလည်း မခံမရပ် ဖြစ်နေသဖြင့် နအဖ အရင်မတိုက်ပါက ၀ ဘက်မှ စတိုက်ဖွယ် ရှိကြောင်း - တပ်မှူးများ၊ အရာရှိငယ်များ၊ ရဲဘော်များကြား သတင်းပျံ့နှံ့နေသည့်အပေါ် ဒေသခံသျှမ်း၊ ၀၊ လားဟူ၊ ကိုးကန့်တရုတ်တို့ကလည်း ကျီးလန့်စာစားဖြစ်နေရပြီး ကလေးသူငယ် သက်ကြီးရွယ်အိုပါမကျန် တခြားဒေသသို့ နေရပ်မှတိမ်းရှောင်နေကြခြင်း ဖြစ်သည်။
“နားကောင်းမူးကျေးရွာအုပ်စုဝင် မိုင်းဟန် အနောက်တောင်ဘက်ကရွာတွေ၊ မြောက်ဘက်ခြမ်းက ကျောင်း တောရွာ၊ နောင်ယာ့ဆိုင်း၊ နမ့်ဟူးနိုင်းဆိုင်၊ ဟွေ့အွမ့် ရွာတွေကလဲ ထပ်ထွက်ပြေးကြတယ်။ နားကောင်းမူး တောင်ပိုင်းကဆို နမ့်ဟူးခွန် ရွာ ကနေ နမ့်ယွန်းဒေသ အထိက အိမ်ခြေ ၁၆၀၀ လောက်ရှိမယ်၊ အခု အိမ်အလွတ် တွေ ဘဲကျန်တော့တယ်၊ ၀ တွေ အကာအကွယ်ပေးနိုင်မယ့် ၀မ့်ဖိုင် နဲ့ ၀မ့်နောင်ဝိန်းဘက် တိမ်းရှောင် ကြတာ တွေထောင်ချီတယ်”- ဟု နားကောင်းမူး ဒေသခံ တဦးက ပြောပါသည်။
၀ အရာရှိမိသားစုများ၊ ၀ ခေါင်းဆောင်ပိုင်း ဇနီးသားသမီးများက ၀ ဌာနချုပ်မိုင်းကျွတ်ဘက် ပြောင်းရွှေ့နေ ကြသော်လည်း သာမာန်ရဲဘော်မိသားစုဝင်များက ရွာသားအုပ်စုများနှင့်အတူ ထွက်ပြေးနေကြသည်ဟု အမည် မဖေါ်လိုသည့် ၀ အရာရှိ အသိုင်းအဝိုင်းကပြောပါသည်။
၂၈ ရက်နေ့ နောက်ဆုံးထားပြီး တောင်ပိုင်း ၀ လူထုအပါအဝင် တပ်ဖွဲ့များအားလုံး တပ်ရုပ်ပြန်ရန်၊ တပ်ရုပ်ခြင်း မပြုက လက်နက်ချ ပြည်သူ့စစ်လုပ်ရန်၊ သို့မဟုတ် နယ်ခြားစောင့်တပ်အသွင်ပြောင်းပြီး သျှမ်းပြည်တပ်မတော် အား ထိုးစစ်ဆင် တိုက်ခိုက်ရန် နအဖ ကဖိအားပေးထားသည်။ ထိုဖိအားအတိုင်း တောင်ပိုင်း ၀ တပ်ဖွဲ့ ခေါင်းခါ ငြင်းဆန်နေသောကြောင့် နှစ်ဘက်တိုက်ခိုက်တော့မည့် အခြေအနေကြောင့် ပြည်သူများ တုန်လှုပ်ခြောက်ခြား နေကြခြင်းဖြစ်သည်။
ဧပြီ ၂၃-၂၄ က နအဖ၏ ရန်စတိုက်ခိုက်မှုကြောင့်လည်း တိုက်ပွဲကြီးဖြစ်လာနိုင်မည်မှာမလွဲကြောင်း ၀ တပ်ဖွဲ့ အရာ ရှိများ ကပြောဆိုနေကြပါသည်။