၂၀၀၉ နိုဝင်ဘာ ၁၀ ရက် နေ့ရက်စွဲဖြင့် နအဖထံတောင်းဆိုထားသည့် အချက် ၉ ချက်အားပယ်ဖျက်ပြီးနယ်ခြားစောင့် တပ်အသွင်ရေးဆိုင်ရာ အဓိကအကြောင်းအရာ ၈ ချက်ပါ တောင်းဆိုချက်အသစ်ဖြင့် မတ်ချ် ၃၁ ရက်နေ့ က ၀ ခေါင်းဆောင် ပေါက်ယူချမ်းမှ ထပ်မံ စာရေးတောင်းဆိုခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။
“အခုအသစ်ထပ်မံတောင်းဆိုတာက ထူးခြားတယ်၊ ၀ ဘက်ကတော်တော့်ကိုလိုက်လျှောထားတာတွေ့ရတယ်။ နယ်ခြား စောင့်တပ်ရင်းမှူးနေရာမှာ နအဖ အရာရှိပါ၀င်ဖို့ ဆိုတဲ့အချက် သဘောတူထားတာတွေ့ရတယ်” - ဟု အမည်မဖေါ်လို သည့် သုံးသပ်သူတဦးကပြော၏။
ဧပြီ ၁ ရက်နေ့ ၀ ပြည်သွေးစည်းရေးပါတီ UWSP ဒု-ဥက္ကဌ ကျောက်ဝမ်ကွမ်း ဦးဆောင်သည့် ၀ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့က စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တန့်ယန်း၌ တွေ့ဆုံခဲ့ကြစဉ် ၀ ခေါင်းဆောင် ပေါက်ယူချမ်း၏ အိပ်ဖွင့်ပေးစာကိုလည်း ဗိုလ်ချုပ်ရဲမြင့်ထံ ပေးလိုက်သည်ဟု ဆို၏။
“အဲဒီပေးစာအပေါ် တစုံတရာပြောဆိုတာမရှိဘူး၊ ဗိုလ်ရဲမြင့်က ၀ တွေကို ဒီလ ၂၂ ရက်နေ့ နောက်ဆုံး အသွင်ပြောင်းမယ့် တပ်ရင်းတပ်ဖွဲ့ စာရင်းပေးပို့ရမယ်၊ နို့မို့ဆို ၂၈ ရက်နေ့ရောက်ရင် မတရားအသင်းဖြစ်သွားမယ် ဆိုတဲ့ဟာတော့ပြော သွားတယ်” ဟု ခိုင်လုံသည့် သတင်းက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။
စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်
၀ ပြည်သွေးစည်းရေးပါတီ UWSP ဥက္ကဌ ပေါက်ယူချမ်း၏ ပေးစာပါ အဓိက အကြောင်းအရာများမှာ -
၁။ မိုင်းပေါက်ဒေသအား လက်ရှိ၀ဒေသ ပိုင်နယ်မြေအတိုင်း ဆက်လက်ထားရှိရန်။
၂။ နယ်ခြားစောင့်တပ်အသွင်ပြောင်းရာတွင် သက်ကြီးပိုင်းအရာရှိများ အသက် ၆၀ အထိ တာဝန် ထမ်းဆောင်ခွင့်ပေးရန်၊ မြောက်ပိုင်း ၀ နယ်ရှိ နယ်ခြားစောင့်တပ်ရင်း ၁၀ ရင်းအား ရမခ လက်အောက်ခံ အဖြစ်ထားရှိပြီး၊ တပ်ရင်းမှူးရာထူးအား နအဖ အရာရှိက တာဝန်ယူရန်။
၃။ နယ်ခြားစောင့်တပ်ရင်းအတွက် (မြောက်ပိုင်း ၀ တပ်ဖွဲ့) စစ်သင်တန်းအား ပန်ဆန်း၊ မိုင်းပေါက် နှင့် မိုင်မော (မိုင်းမိုင်) တွင်ထားရှိရန်။
၄။ ၀ နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးယန္တရားဆိုင်ရာများ လက်ရှိအတိုင်းထားရှိပြီး၊ ပင်စင်စား ပုဂ္ဂိုလ်များအတွက်၊ သျှမ်းပြည်တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားစဉ် ကျဆုံးသွားသည့် ၀ ရဲဘော်များ၏ ကလေးများ (မိဘမဲ့ကလေးများတာဝန်) အတွက် နအဖ မှ တာဝန်ယူဖြေရှင်းရန်။
၅။ ၀ ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြား/အမျိုးသားမှတ်ပုံတင်ထုတ်ပေးရန်။ ၀ ပိုင်ကား များအားလုံး လိုင်စင်ထုတ်ပေးရန်။
၆။ တောင်ပိုင်း ၀ တပ်ဖွဲ့အတွက်လည်း တြိဂံတိုင်းစစ်ဒေသ လက်အောက်ခံ နယ်ခြားစောင့်တပ်ရင်း ၁၀ ရင်းထားရှိပြီး၊ ဆိုင်ရာ စစ်သင်တန်းကို တောင်ပိုင်း ၀ ဌာနချုပ် ဟွေ့အော့ နှင့် ၀မ့်ဟုန့် တွင်ထားရှိရန်။
၇။ တောင်ပိုင်းရှိ ၀ ပြည်သူတို့သည် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း အမြောက်အများ ရင်းနှီး မြှုပ်နှံ ထားသောကြောင့် မြောက်ပိုင်း ၀ နယ်သို့ ရွှေ့ပြောင်းခြင်း မရှိဘဲ၊ မြေပိုင်ဆိုင်ခွင့် (မြေဂရန်) ထုတ်ပေးပြီး နေထိုင်ခွင့်ပြုရန်။
၈။ ၀ ပိုင်စီးပွားရေးလုပ်ငန်းများ၊ ဖက်စပ်လုပ်ငန်း လုပ်ကိုင်နေသည့် နိုင်ငံခြားသားများအားလုံး နဂိုအတိုင်းထားရှိရန် - စသဖြင့် ပါရှိသည်ဟု သိရသည်။
ဧပြီ ၁ ရက်က ၀ အဆင့်မြင့်ကိုယ်စားလှယ်များအားလည်းကောင်း၊ မတ် ၂၈ ရက်က မိုင်းလားတပ်ဖွဲ့အား လည်းကောင်း၊ ဧပြီ ၂ ရက်နေ့က အပစ်ရပ် သျှမ်းပြည် တပ်မတော် တို့အားလည်းကောင်း - “နယ်ခြားစောင့် တပ်အသွင်ပြောင်းရေး အတွက် ယခုလ ၂၂ ရက် နောက်ဆုံးထားစာရင်းပေးပို့ရန်၊ မပေးပို့ပါက ၂၈ ရက် နေ့ နောက်ပိုင်း မတရားအသင်း ဖြစ်သွားမည်”- ဟု ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က အပစ်ရပ်တပ်ဖွဲ့ အသီးသီးနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၀ တပ်ဖွဲ့၏ တောင်းဆိုချက် ၉ ချက်ကို နအဖ က အကြွင်းမဲ့ပယ်ချပြီးနောက်ပြီး ၀ ခေါင်းဆောင် ပေါက်ယူချမ်း နှင့် ထပ်မံတွေ့ဆုံသော်လည်း ဆွေးနွေးမှု သဘောတူညီချက်မရဘဲ နှစ်ဘက်စစ်ရေးအပြိုင်တိုးချဲ့ ချထားခဲ့သည်။
ထို့အပြင် ၀ နယ်ရှိ နအဖ၏ နတလ ၀န်ထမ်းများ၊ NGO ၀န်ထမ်းများ ၀ နယ်မှ ထွက်ခွာကြရန် နအဖ အာဏာပိုင်တို့ ညွှန်ကြားခဲ့သည့်အထိ တင်းမာခဲ့သည်။ ထို့အတူ မတ်လ ၂၇ တပ်မတော်နေ့က ယနေ့တိုင် တာချီလိတ် အထွက်မှ တောင်ပိုင်း ၀ နယ်အထိ တာချီလိတ်အခြေစိုက် နအဖ စစ်ဗျူဟာမှူး ကိုယ်တိုင် ကွင်းဆင်း စစ်ဆေးပြီး စစ်အင်အားပိုမို တိုးချဲ့ ချထားသည်ဟု တောင်ပိုင်း ၀ တပ်ဖွဲ့ကလည်း ပြောပါသည်။