ပန်ဆန်းနှင့် အခြား ၀ ပြည်နယ် မြို့များရှိ ၀န်ထမ်း နှင့် NGO, UN လုပ်သားများအား နအဖ အာဏာပိုင်များ ၂-၃ ရက်အတွင်း နေရပ်သို့ပြန်ရန် ညွှန်ကြားလိုက်သည့် ကိစ္စအပေါ် ကျီးလန့်စာစား တုံလှုပ်ခြောက်ခြားခြင်းမရှိကြရန် ၀ ဒေသခံအာဏာပိုင်များက ပန်ဆန်းလူထုအားရှင်းလင်းဟောပြောခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။
“ဗမာအာဏာပိုင်တွေက သူတို့ရဲ့ဝန်ထမ်းတွေ၊ NGO လုပ်သားတွေကို ၂ ရက်အတွင်း နေရပ်အသီးသီးအပြီး ထွက်ခိုင်း တော့ ဒေသခံတချို့ထိတ်လန့်ကုန်တာပေါ့။ ကွန်လုံဘက်က အခုဘဲတိုက်ပွဲဖြစ်တော့မလိုလိုကြားလို့ ဒီနေ့လူတွေ ရုပ်ရုပ်သဲသဲ ဖြစ်နေသေးတယ်” - ဟု မြောက်ပိုင်း ၀ နယ် ဒေသခံတဦးကပြောပါသည်။
မတ်ချ် ၂၅ ရက်နေ့ ပန်ဆန်း ၀ အာဏာပိုင်များက ကျေးရွာ၊ အုပ်စု၊ ရပ်ကွက် အဆင့်အကြီးအကဲများနှင့် ဒေသခံလူထုအား ပန်ဆန်းအုပ်ချုပ်ရေးရုံးသို့ အစည်းအဝေး ဆင့်ခေါ်ပြီး ထိုကဲ့သို့တားမြစ်ပြောဆိုခဲ့ခြင်းဖြစ်၏။
ပန်ဆန်းမြို့
နယ်စပ်ဒေသတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေး နှင့် စည်ပင်သာယာရေး အာဏာပိုင်များက နအဖ ၏ နတလ ဌာဆိုင်ရာ ၀န်ထမ်းများ နှင့် NGO လုပ်သားများ နေရပ်ပြန်ကြရန် ညွှန်ကြားခြင်းသည် ရွေးကောက်ပွဲအတွက် ခွင့်ရက်ရှည်ပေး ပြန်ခိုင်းခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်မည့်အလားအလာ တစုံတရာမတွေ့ မမြင်ရ သေးကြောင်း၊ ဖြစ်ခဲ့ပါကလည်း ၀ တပ်မတော်က မိမိနယ်မြေ လူထုအတွက်အကာအကွယ်ပေးရန် ကြိုတင်သတိပေးအကြောင်း ကြားမည်ဖြစ်ကြောင်း -အားပေး ရှင်းလင်း ခဲ့သည်ဟု ဆိုသည်။
“၀ အာဏာပိုင်တွေရှင်းပြတာက တရုတ်လို၊ သျှမ်းလို၊ ၀ လိုသုံးဘာသာစလုံးပြောသွားတယ်။ မစိုးရိမ်နဲ့ နားမယောင်နဲ့ မကြောက်နဲ့၊ တိုက်ပွဲဖြစ်ဖို့ အလားအလာ မရှိဘူးတဲ့”- ဟု တက်ရောက်နားထောင် ရသည့် ဒေသခံတဦးကပြောပြပါသည်။
၀ နယ်ထဲသို့ သွားရောက်တာဝန်ထမ်းဆောင်သည့် နတလ ၀န်ထမ်းများ၊ NGO ၀န်ထမ်းများ အပါအဝင် ကျဘမ်း ရွှေ့ပြောင်း ဗမာအလုပ်သမားများ ၈၀% ခန့်နေရပ် ပြန်သွားပြီးဖြစ်၏။ သို့သော် ပန်ဆန်းမြို့လယ် တောင်ကုန်းပေါ်ရှိ နအဖတပ် အင်အား ( ၀ ဘက်က ခွင့်ပြုထားသည့် စာရင်းအတိုင်း) လက်နက်ကိုင်အင်အား ၂၇ ယောက်ရှိ တပ်ခွဲမှာမူ တပ်ရုပ်ပြန်ခြင်း မရှိသေးပေ။
“အခုမပြန်သေးတာက ၂၀ % လောက်ဘဲကျန်တယ်။ လူဦးရေ ဆယ်ဂဏန်းလောက်ပေါ့၊ သူတို့တွေက ခရီး စရိတ် မလုံလောက်တဲ့သူတွေ၊ နောက်တခုက ပြန်သွားပြီးရင် ပြန်မလာဖို့ ၀ က နှုတ်မိန့်ပေးထားတယ်ဆိုလို့ ပြန်မလာရမှာ စိုးရိမ်သူတွေ၊ အလုပ်ကိုင်မရှိမှာကို စိတ်ပူနေကြသူတွေပေါ့” - ဟု အမည်မဖေါ်လိုသည့် ၀ ဌာနချုပ် ၀န်ထမ်းတဦးက ပြောပါသည်။
၀ အာဏာပိုင်တဦးက နတလ ၀န်ထမ်းများအား ယခုကဲ့သို့ ပြန်ခေါ်ခြင်းသည် နအဖ ဘက် တဘက်သတ် စီစဉ်ခြင်း ဖြစ်ကြောင်း၊ ၀ အာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးခြင်း မရှိသည့်အတွက် နောက်နောင်ပြန်လာမည် ဆိုပါက ၀ နယ်ထဲ ၀င်ခွင့်ြုပမည်မဟုတ်တော့ကြောင်း၊ ထိုဝန်ထမ်းအဖွဲ့နှင့် ဗမာအလုပ်သမားများထဲမှ နအဖ ထောက်လှမ်းရေးသူလျှိုအများ အပြား ပါ၀င်နိုင်သောကြောင့် ပြန်မလာလျှင် ပို၍ကောင်းကြောင်း - သျှမ်းသံတော်ဆင့်သို့ပြောပြ၏။
သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ နအဖ ၀န်ထမ်းတပ်ရုပ်ပြန်ခြင်းမှာ နယ်စပ်လုံခြံုရေးအရ စိုးရိမ် ထိတ်လန့် မှုဖြစ်စေကြောင်း၊ နတလ နှင့် NGO ၀န်ထမ်းများ တာဝန်အသီးသီးပြန်လည်ထမ်းဆောင်ရန် ၀ နယ်သို့ ပြန်ပို့သင့်ကြောင်း တရုတ်အာဏာပိုင်များက နအဖ ထံတိုက်တွန်းထားသည်ဟုဆိုသည်။
ဒါ့အပြင် တရုတ်တိုက်တွန်းချက်ကြောင့် လာမည့် ၂၈-၂၉ ရက်နေ့တွင်လည်း နအဖ နှင့် ၀ တပ်ဖွဲ့ နှစ်ဖက် ကိုယ်စားလှယ် များ ထပ်မံတွေ့ဆုံ ဆွေးနွေးကြဦးမည်ဟု ဆို၏။ သို့သော် မည်သူမည်ဝါပါ၀င်၍ မည်သည့် နေရာ ၌တွေ့ဆုံကြမည်ကိုမူ မသိရသေးပေ။