မန္တလေးတိုင်းရှိ အထင်ကရသျှမ်းလူမျိုး ရပ်မိရပ်ဖများအား လာမည့်ရွေးကောက်ပွဲ၌ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံကြဖို့ နအဖ ဝန်ကြီးများ သွားရောက်မဲဆွယ်စည်းရုံးခဲ့သည်ဟု စုံစမ်း သိရှိရသည်။
“စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းက မနှစ်က ဒီဇင်ဘာတုန်းက တကြိမ်၊ ပြီးခဲ့တဲ့ ဂျန္နဝါရီတုန်းက တကြိမ်သျှမ်းအဖွဲ့ တွေကိုခေါ်တွေ့တယ်။ ကျန်းမာရေးဝန်ကြီး ဦးကျော်မြင့်လဲ ပြီးခဲ့တဲ့ ၂၁ ရက်နေ့တုန်းက လာတွေ့ သွားတာ”- ဟု မန္တလေးရောက် သျှမ်းအမျိုးသားတဦးက သျှမ်းသံတော်ဆင့်သို့ပြော၏။
၂ဝဝ၉ နှစ်နှောင်းပိုင်းက စ၍ ယခုအထိ နအဖ ဝန်ကြီး တဦးပြီးတဦး မန္တလေးသို့ စည်းရုံးရေးဆင်းကြစဉ် အခြေခံဥပဒေ အရ ပြည်နယ်နှင့်တိုင်း တခု ခု၌ တိုင်းရင်းသားလူမျိုးတမျိုးတွင် လူဦးရေ ၅ဝ,ဝဝဝ နှင့်အထက် နေထိုင်ပါက ပြည်နယ် (သို့) တိုင်းဒေသကြီး လွှတ်တော်အတွက် ကိုယ်စားလှယ်တစ်ယောက် ရွေးပိုင်ခွင့်ရှိ ကြောင်းပြောသွားသည်ဟုဆို၏။ အဆိုပါ ကိုယ်စားလှယ်သည် ပြည်နယ် (သို့) တိုင်းဒေသကြီး အစိုးရအဖွဲ့ တွင်လည်း ဝန်ကြီးတယောက်အဖြစ် အလိုလိုပါခွင့်ရှိသည်ဟုလည်းပြော၏။
“ကျနော်တို့ မန္တလေး၊ မေမြို့(ပြင်ဦးလွင်)၊ မိုးကုတ်မြို့နယ်တွေမှာ သျှမ်းလူဦးရေက ၈ဝ,ဝဝဝ ကနေ တသိန်းကြား မှာရှိတယ်တဲ့၊ အဲဒါကြောင့် မန္တလေးတိုင်းထဲက သျှမ်းတွေလေးစားလောက်တဲ့ လူသိများပုဂ္ဂိုလ် တယောက် ဝင်ရွေးခံပါလို့ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းကပြောတယ်” - ဟု ဆင့်ခေါ်တွေ့ဆုံစည်းရုံးစဉ် အသေး စိတ်ကြားသိသူတဦးက ပြောပါသည်။
မန္တလေးတိုင်းအတွင်း အထင်ကရ နှင့် သျှမ်းရပ်မိရပ်ဖ ၃ ဦးတွေ့ရှိထားသည်ဟုဆို၏။ (၁) လက်ရှိသျှမ်းသာရေး နာရေး ဒုဥက္ကဌ (ဗီ ၁ ဟိုတယ် နှင့် ဂဠုန်နဂါး သင်္ကန်းတိုက်ပိုင်ရှင်) စိုင်းနွမ် ၊ (၂) ရွှေပျားမင်း ဘော်ဒါပိုင်ရှင်(နမ့်ခမ်းကောင်စီ ခေတ် လူကြီးဟောင်း) စိုင်းကျော်အေးဝင်း ၊ (၃) ကျမ်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့် နှင့် ပုဂ္ဂိုလ်ရေးအရရင်းနှီးသည့် နိုင်ငံကျော်တေးရေးဆရာ (ဝန်ကြီးကိုယ်တိုင် တောင်းဆို ထားသည်ဆိုသည့် သတင်း ထွက်ရှိ) ဒေါက်တာစိုင်းခမ်းလိတ် တို့ဖြစ်ကြသည်။
“သူတို့ကို ပါတီဖွဲ့ခိုင်းတာလား၊ ဒါမှမဟုတ် နအဖရဲ့ပါတီထဲကနေပြီး ရွေးခိုင်းမှာလား၊ အဲဒါအသေအချာမသိ ဘူး၊ ပါတီအသစ်တော့ မဖွဲ့ခိုင်းလောက်ဘူး၊ ဘာလို့လဲဆိုတော့ ဦးအောင်သောင်းကိုယ်တိုင်က ‘ကျနော်တို့ကို ဝန်းရံပေးကြပါလို့’ အဲဒီခရီးစဉ်မှာပြောတယ်ဆိုတော့၊ နိုင်ငံရေးပါတီဖြစ်လာမယ့် ကြံ့ဖွတ်အသင်း ကနေဘဲ ပါဝင်ခိုင်းထင်တယ်” - ရွေးကောက်ပွဲအခြေအနေ လေ့လာသူမန္တလေးသားတဦးကပြောပါသည်။
စစ်မှု (၁) ဝန်ကြီး ဦအောင်သောင်းသည် မန္တလေးလူထုအား တွေ့ဆုံသကဲ့သို့ ပြင်ဦးလွင်၊ မိုးကုတ်မြို့ရှိ ဒေသခံ သျှမ်းများနှင့်လည်းတွေ့ဆုံခဲ့သေးကြောင်း၊ မိုးကုတ်သျှမ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ (သျှမ်းပြည်တောင်ပိုင်းကွန်ဟိန်းမြို့ ဇာတိ) စိုင်းနော်ကို လွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ရန် ရာထားသည်ဟု သတင်းထွက် နေသော်လည်း ကာယကံရှင်များဘက်မှ လက္ခံ/ငြင်းဆန်/ဖြေဆို/ဆုံးဖြတ်ခြင်း ရှိမရှိကိုမူ တစုံတရာ မကြား သိရသေးပေ။