စစ်ဘေး စိုးရိမ်သည့် ၀ အရပ်သားရာချီ နေရပ်မှထွက်ခွာ

စစ်ဘေး စိုးရိမ်သည့် ၀ အရပ်သားရာချီ နေရပ်မှထွက်ခွာ
နအဖ စစ်တပ်နှင့် သျှမ်းပြည် (မြောက်ပိုင်း) ရှိ ၀ ပြည်သွေးစည်းရေးပါတီတို့ကြား စစ်ရေးတင်းမာ နေချိန် တွင် ၀ ထိန်းချုပ် နယ်မြေအတွင်းရှိ ၀ ဒေသခံ ၃၀၀ ခန့်သည် ယခုအပတ်အတွင်း နေရပ်မှ ပြောင်းရွှေ့ထွက်ခွာ....

နအဖ စစ်တပ်နှင့် သျှမ်းပြည် (မြောက်ပိုင်း) ရှိ ၀ ပြည်သွေးစည်းရေးပါတီတို့ကြား စစ်ရေးတင်းမာ နေချိန် တွင် ၀ ထိန်းချုပ် နယ်မြေအတွင်းရှိ ၀ ဒေသခံ ၃၀၀ ခန့်သည် ယခုအပတ်အတွင်း နေရပ်မှ ပြောင်းရွှေ့ထွက်ခွာ နေကြောင်း သိရသည်။

၀ ဋ္ဌာနချုပ်ရှိရာ ပန်ဆန်းနယ်တဝိုက်မှ အသက်အရွယ်ကြီးရင့်သူ အများစု ပါ၀င်သည့် ၀ အရပ်သားများက ၀ တပ်ဖွဲ့ နယ်မြေ၏မြောက်ပိုင်း နအဖစစ်တပ်ထိန်းချုပ်ရာ နမ့်တစ်၊ ဟိုပန် ၊ ချင်းရွှေဟော် နယ်ခြားဒေသများသို့ ပြောင်းရွှေ့ နေကြောင်း ချင်းရွွှေဟော်ဒေသခံ ကုန်သယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အဖိုးကြီး အဖွားကြီးတွေအများစုပါတယ် စစ်ဖြစ်တော့မယ်ဆိုပြီး စိုးရိမ်လို့ ဒီဘက်ပေါ့နော် ထွက်ပြေးလာကြ တယ် သူတို့က တရုတ်ပြည်ထဲလည်း သွားနေလို့ မဖြစ်ဘူး လေ အခက်အခဲရှိတာပေါ့ များသောအားဖြင့် အတွင်း ပိုင်းဘက်ပဲ ပြေးလာကြတယ်  ၃၀၀ ကျော်လောက်ရှိတယ် ” ဟု ဆိုသည်။

ယခုရက်ပိုင်းအတွင်း အဆိုပါ ဒေသများသို့ ထွက်ပြေးရောက်ရှိလာသည့် ၀ အရပ်သားများအား နအဖ စစ်တပ်မှနေရာချ ထားခြင်း ရှိမရှိ မသိရသော်လည်း နီးစပ်ရာ ဆွေမျိုးများထံ နေထိုင်ကြကြောင်း အဆိုပါကုန်သယ်အ ပြောအရ သိရသည်။

ထိုသို့ ၀ နယ်မြေအတွင်းမှ အရပ်သားများ ထွက်ခွာနေချိန်တွင် ၀ ထိန်းချုပ်နယ်မြေတွင် တာဝန်ထမ်းဆောင်နေ သည့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဋ္ဌာနမှ နအဖ ၀န်ထမ်းများအား မတ်လ ၂၃ ရက်နေ့ က ပြန်လည်ခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

နအဖ စစ်တပ်၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အဆိုကို ၀တပ်ဖွဲ့က လက်မခံသဖြင့် စစ်ရေးတင်းမာနေသည့် တိုင်အောင် ၀ တပ်ဖွဲ့အား မြန်မာစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်ဖွယ် မရှိသေးကြောင်း ၀ တပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦး က ဆိုသည်။

“တစ်ဘက်နဲ့တစ်ဘက် စစ်ရေးပြင်ဆင်နေတာတော့ မှန်တယ် ဒါပေမဲ့ နအဖရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ဟာက တ ကယ် တိုက်ခိုက်ဖို့ထက် ဟန်ရေးပြ ခြိမ်းခြောက်တာ ဖြစ်ဖို့များတယ်် အခုနောက်ဆုံး ၀န်ထမ်းတွေ အကုန်ပြန် ခေါ်တယ် ဒါတွေအားလုံးက ဗျူဟာခင်းနေတာ လောလောဆယ်မတိုက်နိုင်သေးဘူး ” ဟု ဆိုသည်။

လတ်တလော မြန်မာစစ်တပ်က ၀ တပ်ဖွဲ့အပေါ် သဘောထား တင်းမာနေပြီး နအဖ စစ်တပ်မှ စတင် တိုက်ခိုက် လာပါက ၀တပ်ဖွဲ့အနေဖြင့် တွန်းလှန်ရန် ပြင်ဆင်မှု ရှိကြောင်း တရုတ်နယ်စပ်စစ်ရေးနိူင်ငံရေး လေ့လာသူ ဦး အောင်ကျော်ဇောက ဆိုသည်။

“ ၀ ကို ပထမ ပစ်မှတ်ထားတယ် အခု ဗမာစစ်တပ်က  ၀ ပြိုအောင် ခြိမ်းခြောက်မှုတွေ ထိန်းချုပ်မှုတွေ လုပ်နေ တယ် အဲလိုခြိမ်းခြောက်ထားတော့ ၀ ဘက်ကလည်း အသင့်ပြင်မှုတွေလုပ်ထားရတယ် ၀ ကိုတိုက်တာ ကိုးကန့် ကို တိုက်တာနဲ့မတူဘူး ၀ တပ်ဖွဲ့ရဲ့ စိတ်ဓါတ် အင်အားအပေါ်မူတည်ပြီး တိုက်ဖို့ရာ ခက်တယ် ” ဟု ဆိုသည် ။

ဖေဖေါ်ဝါရီလ ၂၅  ရက်နေ့က သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့တွင် နအဖ၏ စရဖချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် ၀တပ်ဖွဲ့ ဥက္ကဋ္ဌပေါက်ယူချမ်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သော် လည်းနယ်ခြား စောင့်တပ်ဖွဲ့စည်းရေးအဆိုကို ၀ ဘက်မှ လက်မခံကြောင်း သိရသည်။

Most read this week