တရုတ် ဗဟိုလုံခြံုရေးအဖွဲ့ နေပြည်တော် ရောက်ရှိခဲ့

တရုတ် ဗဟိုလုံခြံုရေးအဖွဲ့ နေပြည်တော် ရောက်ရှိခဲ့
တရုတ်နိုင်ငံတော် ဗဟိုလုံခြံုရေးဋ္ဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နအဖမြို့တော်သစ် နေပြည်တော်နှင့်ရန်ကုန်မြို့ များသို့ ယခုတစ်ပတ်အတွင်း သွားရောက် ခဲ့ကြောင်း....

တရုတ်နိုင်ငံတော် ဗဟိုလုံခြံုရေးဋ္ဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နအဖမြို့တော်သစ် နေပြည်တော်နှင့်ရန်ကုန်မြို့ များသို့ ယခုတစ်ပတ်အတွင်း သွားရောက် ခဲ့ကြောင်း စုံစမ်း သိရသည်။

အဆိုပါခရီးစဉ်အတွင်း တရုတ် - မြန်မာ နှစ်နိူင်ငံနယ်စပ်လုံခြံုရေးဆိုင်ရာ ကိစ္စများအတွက်နအဖဘက်မှ ပြည်ထဲရေးဝန်ကြီး နှင့် မှုခင်းစုံစမ်းရေးဋ္ဌာနမှ အကြီးအကဲများနှင့် တွေ့ဆုံခဲ့ကြောင်း နအဖအာဏာပိုင်များနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မတ်လ ၂၂ ရက်နေ့တွင် တရုတ်လုံခြံုရေးအဖွဲ့သည်  နေပြည်တော်မှ ပြန်လည်ထွက်ခွာလာပြီး နအဖ အာဏာပိုင် များ၏ ဖိတ်ကြားချက်အရ သျှမ်းပြည် (မြောက်ပိုင်း) ကိုးကန့်ဒေသ လောက်ကိုင်မြို့သို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

“မနေ့ကတော့ မန္တလေးကနေထွက်လာပြီ လားရိူးရောက်ပြီ ဗမာအာဏာပိုင်တွေဖိတ်ကြားချက်အရ လားရှိုးကနေ လောက်ကိုင်ကို ဆက်သွားမယ် လောက်ကိုင်မြို့ အခြေအနေ လိုက်ပြမှာပေါ့ ” ဟု နီးစပ်သူက ပြောသည်။

၂ဝဝ၉ ခုနှစ် သြဂုတ်လကုန်ပိုင်းက ဦးဖုန်ကျားရှင်းခေါင်းဆောင်သည့် ကိုးကန့်အထူးဒေသ (၁) တပ်ဖွဲ့အား နအဖ စစ်တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့အပြီး ကိုးကန့်ဒေသ မတည်မငြိမ် ဖြစ်နေသည့်အပေါ် လိုက်လံပြသခြင်းဖြစ်ဖွယ်ရှိ ကြောင်း တရုတ်နယ်စပ်မှ အကဲခတ်တစ်ဦးကဆိုသည်။

၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလပိုင်းအတွင်း ယခင်ကိုးကန့်တပ်ဖွဲ့ဝင်ဟောင်းများက တာရွေထံရှိ နအဖစစ်စခန်းတစ်ခုကို ဝင်ရောက် ပစ်ခတ်ခဲ့ရာ နအဖဘက်မှ စစ်သည် ၂ ဦးသေဆုံး၍ ၁ ဦးဒဏ်ရာရခဲ့သည်။

ထို့အပြင် လွန်ခဲ့သည့်နှစ်နှင့် ၂ဝ၁ဝ ခုနှစ်အတွင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့ပေါ်တွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့ရာ တရုတ်နိူင်ငံသားများ အပါအဝင် လူ ၁ဝ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

နောက်ထပ် ဖြစ်ရပ်တစ်ခုမှာ မတ် ၁ဝ ရက်က လားရှိုးမြို့ အမှတ် ရ ရပ်ကွက်တွင် နယ်ခြားစောင့်တပ် လက်ခံသည့်ကိုးကန့် အဖွဲ့ ဆက်သွယ်ရေးတာဝန်ခံ ဦးလီစန်း လုပ်ကြံခံခဲ့ရသည်။

ထိုအခြေအနေများကြောင့် ကိုးကန့်ခေါင်းဆောင်သစ် ဦးပိုင်ဆုံချိန် မိသားစုမှာလည်း တရုတ်နိုင်ငံအတွင်း နေထိုင် လျှက်ရှိကြောင်း သိရသည်။

Most read this week