နယ်စပ်ခရီးသွားခွင့် ခက်ခဲလေ ရဲများ ခွင်တည့်လေ

နယ်စပ်ခရီးသွားခွင့် ခက်ခဲလေ ရဲများ ခွင်တည့်လေ
သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့ ရဲတပ်ဖွဲ့ က  တရုတ်နယ်စပ်သို့ တရားမဝင်ခိုးလမ်းအတိုင်း  သွားသူများထံမှ ငွေတောင်းယူမှု့များ ရှိနေကြောင်း ခရီးသွားများက သျှမ်းသံတော်ဆင့်သို့...

သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့ ရဲတပ်ဖွဲ့ က  တရုတ်နယ်စပ်သို့ တရားမဝင်ခိုးလမ်းအတိုင်း  သွားသူများထံမှ ငွေတောင်းယူမှု့များ ရှိနေကြောင်း ခရီးသွားများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

၂၀၀၉ခုနှစ်ကုန်ပိုင်း၌ မူဆယ်မြို့ နယ်စပ်ဂိတ် အာဏာပိုင်များက တရုတ်ခြမ်း ကျယ်ဂေါင်မြို့မှ တဆင့် နယ်စပ် အတွင်း သွားလာနိူင်သော တစ်နှစ်စာ ခရီးသွားခွင့် လက်မှတ် ထုတ်ပေးခြင်းကို ရပ်နားပြီး နောက်ပိုင်း ခိုးလမ်း များမှ သွားလာသူ များပြားလာရာ  ရဲများက ထိုသူများထံမှ ငွေတောင်းယူခြင်း ဖြစ်ကြောင်း သိရသည်။

ခရီးသွားတစ်ဦးက ပြောရာတွင် “ ခိုးပေါက်တွေကတော့ တက်ခန်းပေါက် ၊ ရွေနဂါးပေါက် ၊ နမ္မတူပေါက် ဆိုပြီး ရှိတယ် အဲဒါတွေက ဟိုတည်တွေပေါ့ဗျာ ဟိုတည် အရှေ့က ခြံစည်းရိုးကို ကျော်ကြတာ ရဲတွေက လိုက်ဖမ်းတယ် မိတဲ့သူဆို လမ်းကြိုလမ်းကြား ခေါ်ပြီး ငါးရာတို့ တစ်ထောင် တို့တောင်းတယ် ” လို့ ဆိုသည်။

ရဲတစ်ချို့မှာ ခရီးသွားများထံမှ  ပါသမျှ ပိုက်ဆံ ၊ လက်ပတ်နာရီ ၊ လက်ကိုင်ဖုန်း များကိုပါ သိမ်းယူကြသည်ဟု ဆိုသည် ။

လက်ရှိတွင် (ယာယီ) တစ်ခါသုံး နယ်စပ်ခရီးသွားလာခွင့် လက်မှတ်များကို ဆက်လက်ထုတ်ပေးနေသော်လည်း တန်း စီစောင့်နေရခြင်းကြောင့် ခရီးသွားများ အဆင်ပြေမှု မရှိကြောင်း မူဆယ်မြို့ခံ တစ်ဦးက ပြောသည်။

“စာအုပ်အနီ(တစ်နှစ်သွားခွင့်လက်မှတ်) ထုတ်မပေးတော့ တစ်ခါသုံးကဒ်တွေ တန်းစီပြီးစောင့်ရတာ တစ်ခါတစ်ခါ လူတန်းက လမ်းမဒီဘက် တောင်ကျော်နေပြီ စောင့်ရတာလည်း နေ့တစ်ဝက်လောက်ကြာတယ် ခိုးလမ်းတွေက သွားနေကြတာပဲ ဟိုတစ်ခါ မီဒီယာမှာ  စာအုပ်အနီ ထုတ်ပေးတာ ငွေ ခြောက်ထောင် တို့ တစ်သောင်း တို့ ယူ တယ် လို့ပြောပြီး လုံးဝမလုပ်ပေးတော့တာ ” လို့ သူက ဆိုသည်။

ထို့အပြင် တစ်ခါသုံး နယ်စပ်ခရီးသွားလာခွင့်လက်မှတ်မှာ ကျပ် ၁၀၀၀ အထိပေးရသဖြင့် နယ်စပ်ဖြတ် အလုပ် လုပ် ကိုင်သည့် နေ့စားသမားများ လက်လုပ်လက်စား များမှာ အခက်အခဲရှိကြောင်း ဆိုသည်။

Most read this week